မကွေးမြို့ မြို့မရဲစခန်းတွင် အောက်တိုဘာ ၁၁ ရက် နံနက် ၄ နာရီခန့်က အချုပ်ခန်း အမှတ်(၆)ကို ဖောက်၍ အချုပ်သားခြောက်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း မြို့မစခန်း စခန်းမှူး ဒုရဲမှူးဝင်းကျော်ထံမှ သိရသည်။
အချုပ်ခန်းအမှတ် (၆) ၏ အိမ်သာခန်းအတွင်း သံတိုင်ငါးတိုင်ကို လွှဖြင့်ဖြတ်၍ အိမ်သာခန်းနောက်ဘက်ရှိ သံဆန်ခါနှင့် သံဆူးကြိုးများကို ကျော်ကာ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက် နေသည့် အချုပ်သားများအနက် လေးဦးသည် မုဒိမ်းမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ပြီး တစ်ဦးသည် မူးယစ်မှုဖြင့် လည်းကောင်း၊ တစ်ဦးသည် ခိုးမှုဖြင့်လည်းကောင်း ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီကိစ္စကိုသိတာ မနက် ၆ နာရီလောက်မှာ သိပါတယ်။ အခုလုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ ဖြစ်စဉ်ကို စစ်ဆေးနေပြီး ထွက်ပြေးနိုင်တဲ့ နေရာတွေက ရဲစခန်းတွေနဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ အခုလောလောဆယ် အခင်းဖြစ်ချိန်က တာဝန်ကျတဲ့ ကင်းသား၊ ကင်းမှူးနဲ့ တာဝန်မှူး အပါအဝင် ရှစ်ဦးကို အရေးယူထားပါတယ်။ ခုလောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု ဒုရဲမှူးဝင်းကျော်က အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီက မီဒီယာများသို့ ပြောကြားသည်။
ဒုရဲမှူးဝင်းကျော်က ဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ တိုင်းရဲတပ်ဖွဲ့ရုံးများသို့ တင်ပြထားဆဲ ဖြစ်သောကြောင့် မီဒီယာများ၏ အသေးစိတ် မေးမြန်းချက်များကို ဖြေကြားမရသေးကြောင်း ပြောကြားခဲ့ကာ ရုပ်သံအင်တာဗျူးခွင့် တောင်းသည်ကိုလည်း လတ်တလော မရနိုင်သေးကြောင်း ပြောကြားသည်။
အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက် နေသူများသည် မင်းဘူးစကုမြို့နယ်၊ မင်းရွာကျေးရွာမှ ဘိုဘိုလတ် အသက် (၂၆နှစ်)၊ မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက်မှ စိုင်းသီဟ အသက်(၂၁ နှစ်)၊ မကွေးမြို့ မိကျောင်းရဲနယ်မြေမှ ချစ်ကိုကို အသက် (၂၄ နှစ်)၊ မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာမှ စလင်း(ခေါ်) အောင်ဇော်လင်းအသက် (၂၈ နှစ်)နှင့် သိန်းမင်းထိုက် အသက် (၁၈ နှစ်)၊ မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ခိုင်စိုးအသက် (၂၈ နှစ်) တို့ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများထံမှ သိရသည်။