စာရေးဆရာ ညီမင်းညို စီးလာသောကားအား ခဲဖြင့်ပေါက်သူ နှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၈ ရက်တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အောက်တိုဘာ ၇ နံနက်၂ နာရီခွဲတွင် ရေဦးမြို့နယ် စာပေဟောပြောပွဲမှ မန္တလေးမြို့သို့ ပြန်လာသော စာရေးဆရာ ညီမင်းညို စီးလာသည့် 6I/5037 TOYOTA Wish အဖြူရောင်ယာဉ်သည် မုံရွာ-မန္တလေး ကားလမ်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နှင့် ကံတလူတိုးဂိတ်ကြား အရောက်တွင် လူနှစ်ဦးက ခဲဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ကားမှန်ကွဲကာ မှန်စများထိမှန်၍ ဆရာညီမင်းညို၏မျက်နှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“မနေ့မနက် ၁၀ နာရီကတည်းက ခဲနဲ့ပစ်ပေါက်သူ ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီးမြသင်း ဦးဆောင်ကြီးကြပ်ကွပ်ကဲပြီး နယ်မြေခံရဲ၊ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ အုန်းတော၊ အောင်သာ၊ ကျောက်ဆည် ကျေးရွာတွေမှာ ဝင်ရောက်စုံစမ်းခဲ့တာ ညနေ ၃ နာရီမှာ ခဲနဲ့ထုတဲ့သူ တစ်ဦးကို အောင်သာရွာကနေ ဖမ်းဆီးရမိခဲ့ပါတယ်။ တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။
ကားအား ခဲဖြင့်ပစ်ပေါက်သူ အောင်ဆန်းထွန်း (ခ) အောင်ခန့်ကျော် (၁၉ နှစ်) (ဘ) ဦးဟန်ထွန်း စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာနှင့် ချမ်းမြေ့အောင် (၁၉ နှစ်) (ဘ)ဦးဝင်းဘို စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာတို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိကာ အောင်ဆန်းထွန်း (ခ) အောင်ခန့်ကျော် တစ်ဦးကိုသာ ဖမ်းဆီးရမိထားကာ ချမ်းမြေ့အောင်မှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
စာရေးဆရာ ညီမင်းညို စီးနင်းလာသောကားအား ခဲဖြင့်ထုခဲ့သူ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၈၅၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ ၃၃၈၊ ၃၀၇၊ ၄၂၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။