ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဖရန့်ဖတ်အသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ၌ မကြည့်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဖရန့်ဖတ်အသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ၌ မကြည့်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
မေလ (၈) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ ဖရန့်ဖတ်အသင်းကို ပွဲချိန်အတွင်း (၁-၁) ဂိုးဖြင့် သရေသာကစားနိုင်ပြီး နှစ်ကျော့ပေါင်း (၂-၂) ဂိုးဖြစ်နေခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။
ပယ်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ချယ်လ်ဆီးအသင်းသည် ဂိုးသမား ကယ်ပါ၏ လက်စွမ်းပြမှုနှင့်အတူ (၄-၃) ဂိုးဖြင့် အနိုင်ရကာ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
သို့သော် ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် ပယ်နယ်တီအဆုံးအဖြတ်ခံယူနေချိန်တွင် နောက်ဆုံးပယ်နယ်တီ (၂) လုံးကို မကြည့်ခဲ့ကြောင်း သိရသည်။
ယင်းအချက်နှင့် ပတ်သက်ပြီး ပွဲအပြီးတွင် သတင်းထောက်များက မေးမြန်းခဲ့ရာ ဆာရီက "နောက်ဆုံးပယ်နယ်တီ (၂) လုံးကို ကျွန်တော် မကြည့်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် မခံစားနိုင်လို့ပါ"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရအောင် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆာရီက ဆိုခဲ့သည်။
ဆာရီက "ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုဆွတ်ခူးနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ လိဂ်ဖလားမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ဖလားရဖို့ ထိုက်တန်ပါတယ်"ဟု ပြောကြားခဲ့သည်။