စပါးရဲ့အံ့အားသင့်ဖွယ် ပြန်လာမှုနဲ့ All English Final ဖြစ်သွားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ

စပါးရဲ့အံ့အားသင့်ဖွယ် ပြန်လာမှုနဲ့ All English Final ဖြစ်သွားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ
Photos : AFP
Photos : AFP
Published 9 May 2019

အေဂျက်စ် ၂-၃ စပါး

(နှစ်ကျော့ပေါင်း ၃-၃ ဂိုး၊ အဝေးဂိုးဖြင့် စပါး ဗိုလ်လုပွဲတက်ရောက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်၊ စပါးတို့ရဲ့စွမ်းဆောင်မှုတွေက ဘောလုံးပရိသတ်တွေကို အံ့သြမှင်သက်ဖြစ်စေခဲ့ပါတယ်။

လီဗာပူးလ်ရဲ့အံ့အားသင့်ဖွယ်ပြန်လာမှုအပြီး ဒုတိယနေ့မှာလည်း စပါးအသင်းက (၀-၃)အရှုံးကနေ မယုံကြည်နိုင်စရာ (၃)ဂိုးပြန်သွင်းကာ အဝေးဂိုးစည်းမျဉ်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။

အေဂျက်စ်နဲ့ စပါးအသင်း (၂)သင်းစလုံး ပထမအကျော့က ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့တယ်။

ပထမပိုင်းမှာတော့ အေဂျက်စ်အသင်းက ကစားပုံပိုကောင်းခဲ့ပေမယ့် နေရိစ်မပါဝင်နိုင်တဲ့ ဘယ်တောင်ပံကတော့ အားနည်းခဲ့ပါတယ်။

တာဒစ် တောင်ပံထွက်ကစားပေမယ့် အလုပ်သိပ်မဖြစ်ဘဲ No.10 Role ထွက်ကစားတဲ့ ဗန်ဒါဘေ့ခ်ကလည်း သိပ်ခြေမပေါ်လို့ အေဂျက်စ်တိုက်စစ်မှာ ဇီယာ့ရှ် တစ်ဦးတည်း ရုန်းကန်ခဲ့ရတယ်။

ဇီယာ့ရှ်ကတော့ ဒီနေ့ပွဲမှာ အေဂျက်စ်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်လို့ရနိုင်ပါတယ်။

စပါးအသင်းကတော့ Three Backs မကစားတော့ဘဲ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တာဖြစ်တယ်။

အဲရစ်ဆင်၊ အယ်လီတို့  ခံစစ်ကိုပြန်ကူနေရလို့ ပထမပိုင်းမှာ စပါးကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးပေးနိုင်မှု နည်းပါးခဲ့ပါတယ်။

(၅)မိနစ်မှာ ထောင့်ကန်ဘောကနေ အေဂျက်စ်နောက်ခံလူ ဒီလစ်က ခေါင်းတိုက်ဂိုးသွင်းခဲ့လို့ စပါး ဖိအားများခဲ့ပြီး (၃၅)မိနစ်မှာ ဇီယာ့ရှ်က စပါးဂိုးသမား လိုရစ်ရဲ့အဝေးထောင့်ထဲ ကန်သွင်းကာ ဒုတိယဂိုး ထပ်မံရယူခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ ဝမ်ယာမာကိုထုတ်ကာ တိုက်စစ်မှူး လော်ရန်တေးကိုထည့်သွင်းမှုက စပါးအသင်းကို အပြောင်းအလဲဖြစ်စေခဲ့ပြီး လော်ရန်တေးကြောင့် လူးကပ်စ်မော်ရာအဖို့ နေရာလွတ်တွေရလာက အသင်းအတွက် တန်ဖိုးအရှိဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။

လူးကပ်စ်မော်ရာက (၅၅၊ ၅၉)မိနစ်တွေမှာ (၂)ဂိုးဆက်သွင်းပြီး နောက်ပိုင်းမှာ အေဂျက်စ်အသင်း ပြန်ဖိကစားခဲ့ပေမယ့် နာကျင်အချိန်ပို(၆)မိနစ်မှာတော့ လူးကပ်စ်မော်ရာက စပါးအတွက် သမိုင်းမှတ်တမ်းတင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လူးကပ်စ်မော်ရာအနေနဲ့  ဒယ်လ်ပီယာရို၊ အိုလစ်၊ လီဝန်ဒေါစကီး၊ စီရော်နယ်လ်ဒိုတို့ပြီးနောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ (၅)ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

စပါးရဲ့နိုင်ပွဲကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ မန်ယူနဲ့ ချယ်လ်ဆီး(၂၀၀၈)ဗိုလ်လုပွဲအပြီး ဒုတိယမြောက် All English Final လည်းဖြစ်စေခဲ့ပါတယ်။

Most Read

Most Recent