ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) ဆီမီးဖိုင်နယ်တွင် ပထမအကျော့ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်သည့် တတိယမြောက်အသင်းအဖြစ် လီဗာပူးလ် မှတ်တမ်းဝင်

ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) ဆီမီးဖိုင်နယ်တွင် ပထမအကျော့ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်သည့် တတိယမြောက်အသင်းအဖြစ် လီဗာပူးလ် မှတ်တမ်းဝင်
Photo: AFP
Photo: AFP
Published 8 May 2019

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) သမိုင်းတွင် ဆီမီးဖိုင်နယ်အဆင့်၌ ပထမအကျော့ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်သည့် တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) သမိုင်းတွင် ဆီမီးဖိုင်နယ်အဆင့်၌ ပထမအကျော့ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်သည့် တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် မေလ (၇)ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပထမအကျော့က (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ဘာစီလိုနာအသင်းကို အိမ်ကွင်းတွင် (၄-၀)ဂိုးဖြင့် အနိုင်ယူကာ နှစ်ကျော့ပေါင်း (၄-၃)ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) ပြိုင်ပွဲသမိုင်းတွင် ဆီမီးဖိုင်နယ်အဆင့်၌ ယင်းကဲ့သို့ ပထမအကျော့တွင် (၃)ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် အသင်း (၂)သင်းရှိခဲ့ဖူးပြီး ယင်းအသင်းများမှာ ဂရိကလပ် ပင်နာသီနာကော့စ်အသင်းနှင့် စပိန်ကလပ် ဘာစီလိုနာအသင်းတို့ဖြစ်သည်။

ပင်နာသီနာကော့စ်အသင်းသည် ၁၉၇၀-၇၁ ဘောလုံးရာသီက ဥရောပဖလားဆီမီးဖိုင်နယ်တွင် ဆားဘီးယားကလပ် ဇဗက်ဒါအသင်းကို ပထမအကျော့အဝေးကွင်းတွင် (၁-၄)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့အိမ်ကွင်းတွင် (၃-၀)ဂိုးဖြင့် ပြန်လည်အနိုင်ယူကာ နှစ်ကျော့ပေါင်း (၄-၄)ဂိုးဖြင့်သရေကျခဲ့သည်။

သို့သော် ပင်နာသီနာကော့စ်အသင်းက အဝေးဂိုးစည်းမျဉ်းဖြင့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းမှာမူ ၁၉၈၅-၈၆ ဘောလုံးရာသီက ဥရောပဖလားဆီမီးဖိုင်နယ်အဆင့်တွင် ဆွီဒင်ကလပ် ဂိုသင်ဘတ်ချ်အသင်းကို အဝေးကွင်းတွင် (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့အိမ်ကွင်းတွင် (၃-၀)ဂိုးဖြင့် ပြန်လည်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

နှစ်ကျော့ပေါင်း (၃-၃)ဂိုး ဖြစ်နေသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ဘာစီလိုနာအသင်းက (၅-၄)ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခု လီဗာပူးလ်အသင်းမှာမူ ဘာစီလိုနာအသင်းကို ပွဲချိန်အတွင်း ပြတ်သားသည့်ရလဒ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သလို၊ ၁၉၉၂ - ၉၃ရာသီမှစတင်ကာ ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်ပိုင်း ဆီမီးဖိုင်နယ်အဆင့်တွင် ပထမအကျော့ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent