အန်ဖီးလ်မှာ အစ္စတန်ဘူလ်ထက် လှပတဲ့ညကို ဖန်တီးပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်ရောက်သွားတဲ့ လီဗာပူးလ်

အန်ဖီးလ်မှာ အစ္စတန်ဘူလ်ထက် လှပတဲ့ညကို ဖန်တီးပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်ရောက်သွားတဲ့ လီဗာပူးလ်
Photos: AFP
Photos: AFP
Published 8 May 2019

■ လီဗာပူးလ် ၄-၀ ဘာစီလိုနာ

(နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် လီဗာပူးလ် ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက် တက်ရောက်)

လီဗာပူးလ်အသင်းဟာ ပထမအကျော့က (၀-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းကို (၄-၀) ဂိုးနဲ့ အနိုင်ပြန်ယူကာ အန်ဖီးလ်မှာ အစ္စတန်ဘူလ်ထက်လှပတဲ့ ညတစ်ညကိုဖန်တီးပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။

အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဖေမီနိုတို့ ဒဏ်ရာကြောင့် မပါနိုင်တဲ့ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ မာနေ၊ အော်ရီဂီနဲ့ ရှာကီရီတို့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ မီလ်နာ၊ ဟန်ဒါဆန်တို့ ကစားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ပထမအကျော့က လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ တွဲဖက်ကာ လူစုံခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစကတည်းက ဂိုးရဖို့ကြိုးစားခဲ့တာကြောင့် မြန်နှုန်းမြင့်ကစားခဲ့တာကြောင့် ဘာစီလိုနာအသင်း အခက်တွေ့ခဲ့ရပြီး စောစောစီးစီးပဲ ဂိုးကန်သွင်းခွင့်တွေပေးခဲ့ရပါတယ်။ 

ဂိုးလိုချင်နေတဲ့ လီဗာပူးလ်ဟာ ပွဲချိန် (၇) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဘာစီလိုနာနောက်ခံလူတွေ တားဆီးနေတဲ့ကြားက ဟန်ဒါဆန်ရဲ့ ကန်သွင်းခဲ့တာကို စတီဂန် ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်ရှိနေတဲ့ အော်ရီဂီက အနီးကပ်အနေအထားကနေ အပိုင်ပိတ်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ အော်ရီဂီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး လီဗာပူးလ်သမိုင်းမှာ (၅၀) ဦးမြောက် ချန်ပီယံလိဂ်ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။

ဂိုးရပြီးနောက်မှာလည်း လီဗာပူးလ်ကပဲ ဖိကစားခဲ့ပြီး ရောဘတ်ဆန်ရဲ့ အားပါတဲ့ ကန်ချက်ကို စတီဂန် အသည်းအသန်ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် (၁၄) နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းက အမြန်နှုန်းနဲ့ ကစားနေတဲ့ လီဗာပူးလ်အသင်းရဲ့ Tempo ကို ချဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဘက်က မက်ဆီ၊ ကော်တင်ဟို၊ အယ်လ်ဘာတို့ရဲ့ ကန်ချက်တွေကို လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်  လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို၊ လီဗာပူးလ်နောက်တန်းကလည်း မက်ဆီနဲ့ ဆွာရက်ဇ်တို့ကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကတော့ အခွင့်အရေးရင် ရသလို အမြန်နှုန်းတွေနဲ့ ဘာစီလိုနာအသင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းမှာ (၁-၀) နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကလော့ပ်ဟာ ရောဘတ်ဆန်ကို ဝိုင်နယ်လ်ဒမ်းနဲ့ လူစားလဲခဲ့ပါတယ်။ အဲဒီလူစားလဲမှုဟာ မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပြီး ဝိုင်နယ်လ်ဒမ်းက လူစားဝင်လာပြီး (၁၁) မိနစ်အတွင်းမှာပဲ (၂) ဂိုးသွင်းပေးခဲ့တာပါ။

လီဗာပူးလ်အတွက် ဒုတိယဂိုးကို ပွဲချိန် (၅၄) မိနစ်မှာ ညာတောင်ပံကနေ အာနိုးလ် ဖြတ်ထိုးပေးတာကို ဝိုင်နယ်လ်ဒမ်းက ကန်သွင်းယူခဲ့တာဖြစ်ပြီး နောက် (၂) မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၅၆) မိနစ်မှာလည်း ဝိုင်နယ်လ်ဒမ်းကပဲ ဘယ်တောင်ပံက ရှာကီရီတင်ပေးတာကို ခေါင်းတိုက်ကာ တတိယဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝိုင်နယ်လ်ဒမ်းဟာ ချန်ပီယံလိဂ်မှာ လီဗာပူးလ်အတွက် ဂိုး (၃) ဂိုး သွင်းယူထားပြီး အဲဒီ (၃) ဂိုးစလုံးက ဆီမီးဖိုင်နယ်အဆင့်မှာပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်နယ်လ်ဒမ်းဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းကို လူစားဝင်ပြီး (၂) ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ထုတ်ပြီး ဆယ်မီဒိုကို လူစားလဲကာ ခံစစ်ကို အားဖြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းအရရော အိမ်ကွင်းအားနဲ့ပါ အားတက်နေတဲ့ လီဗာပူးလ်အသင်းကို တားဆီးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ပွဲချိန် (၇၉) မိနစ်မှာတော့ လီဗာပူးလ်အသင်း ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ဘာစီလိုနာအသင်း အသင့်မဖြစ်တာကို အာနိုးလ်က အခွင့်ကောင်းယူကာ တင်ပေးတာကို အော်ရီဂီက အပိုင်ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ (၁) ဂိုးရတာနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာဖြစ်တာကြောင့် ဘာစီလိုနာတို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ အကောင်းဆုံးထိန်းချုပ်ကစားပြီး သမိုင်းဝင်နိုင်ပွဲကို ရယူကာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်ရောက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ပြီးခဲ့တဲ့ရာသီကလည်း အိမ်ကွင်းမှာ ရိုးမားအသင်းကို အိမ်ကွင်းမှာ (၄-၁) ဂိုးနဲ့ အနိုင်ရပြီးမှ အဝေးကွင်းမှာ (၃-၀) ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကွာတားက ထွက်ခဲ့ရသလို၊ ဒီရာသီမှာလည်း လီဗာပူးလ်ကို အိမ်ကွင်းမှာ (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း (၃-၄) ဂိုးနဲ့ ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ 

Most Read

Most Recent