ပြင်သစ်ကလပ် PSG အသင်း ကိုပိုင်ဆိုင်သည့် ကာတာအားကစား ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (QSI) သည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှု မရသည့်အပြင် ၎င်းတို့အပေါ် ပြင်းထန်စွာဝေဖန်မှုများကြောင့် အသင်းအား ပြန်လည်ရောင်းချရန် စီစဉ်နေ ကြောင်း ပြင်သစ်နိုင်ငံထုတ် Le Parisien သတင်းစာက ဖော်ပြခဲ့သည်။
PSG သည် ကာတာအစိုးရပိုင် ကာတာရင်းနှီးမြှုပ်နှံမှုအာဏာပိုင် အဖွဲ့ (QIA) လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန် တွင် PSG အသင်း၏ ရှယ်ယာများ အဓိကပိုင်ဆိုင်သူဖြစ်လာပြီးနောက် ၂၀၁၂ ခုနှစ် မတ်တွင် ရှယ်ယာအားလုံးကို အလုံးစုံပိုင်ဆိုင်ခွင့်ရခဲ့သည်။ QSI သည် PSG အသင်းကိုဝယ်ယူပြီးနောက် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ကဲ့သို့ ဥရောပထိပ်တန်း အသင်းဖြစ်လာစေရန် ငွေကြေးပုံ အောသုံးစွဲ၍ ကြယ်ပွင့်ကစားသမား များစွာ ခေါ်ယူအားဖြည့်ခဲ့သည်။
PSG အသင်းသည် QSI လက်အောက်သို့ရောက်ရှိပြီးနောက် ရှစ်ရာသီအတွင်း ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ယူရို ၂၂၂ သန်း၊ ပြင်သစ် လူငယ်ကြယ်ပွင့် ဘာပေကို ယူရို သန်း ၁၈၀ ဖြင့်အပါအဝင် ကစား သမားခေါ်ယူမှုအတွက် ယူရိုတစ် ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်သည်။
သို့သော် PSG အသင်းသည် လီဂူး၊ ပြင်သစ်ဖလား၊ ပြင်သစ်လိဂ် ဖလား စသည့် ပြည်တွင်းပြိုင်ပွဲများ၌သာ အောင်မြင်မှုရရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ အမြင့်ဆုံးကွာတားဖိုင်နယ်အဆင့်အထိသာ တက် ရောက်ထားသည်။ PSG အသင်းသည် ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ ရာသီအထိ လေးရာသီဆက်တိုက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်သော်လည်း ၂၀၁၆- ၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ရာသီအထိ သုံးရာသီဆက်တိုက် ၁၆ သင်းအဆင့် မှ ထွက်ခဲ့ရသည်။
သို့ဖြစ်ရာ ကာတာ အသင်းပိုင်ရှင်များအနေဖြင့် PSG အသင်းအပေါ် စိတ်ရှည်သည်းခံမှု လျော့နည်းလာပြီး ပြန်လည်ရောင်းချရန် ဆန္ဒရှိနေကြောင်း Le Parisien သတင်းစာက ဖော်ပြခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ အနေဖြင့် PSG အသင်းအတွက် ငွေကြေးပမာဏများစွာ ရင်းနှီးမြှုပ်နှံထားသော်လည်း ချီးကျူးဂုဏ်ပြုမှုအစား ပြင်းထန်သည့် ဝေဖန်မှုများခံနေရသောကြောင့် ပြန်လည်ရောင်းချရန် စဉ်းစားနေခြင်း ဖြစ်ကြောင်း သိရသည်။
PSG အသင်းသည် ယခုရာသီ တွင်လည်း လီဂူးပြိုင်ပွဲတစ်ခုတည်း သာ အနိုင်ရဗိုလ်စွဲထားပြီး ပြင်သစ်ဖလားပြိုင်ပွဲ၌ ဗိုလ်လုပွဲနှင့် ပြင်သစ်လိဂ်ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခဲ့ရသည်။