ပြင်သစ်ကလပ် PSG အသင်းသည် မန်ယူအသင်း၏ စပိန်ဂိုးသမား ဒီဟေးယားအား ခေါ်ယူရန် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
PSG အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ အန်တဲရိုးဟင်းနရစ်သည် ဒီဟေးယား၏ အေးဂျင့်ဖြစ်သူ နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်စ်အား ဆက်သွယ်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများကို စတင်နေ ပြီဖြစ်ကြောင်း သိရှိရသည်။
ဒီဟေးယားသည် မန်ယူအသင်းတွင် စာချုပ်သက်တမ်းတစ်နှစ်ကျော်သာကျန်ရှိတော့ပြီး အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စ သဘောတူညီမှုမရသည့် ကစားသမားတစ်ဦးဖြစ်သည်။ မန်ယူ အသင်းသည် ဒီဟေးယားတောင်းဆိုသော လစာငွေပမာဏကို ပေးချေရန် ဆန္ဒမရှိဖြစ်နေပြီး ၎င်း၏အနာဂတ်နှင့် ပတ်သက်သည့်သတင်းများမှာလည်း ထွက်ပေါ်လျက်ရှိသည်။
PSG အသင်းသည် ဒီဟေးယားအား မက်မောလောက်ဖွယ်လစာငွေ ဖြစ်သည့် တစ်ပတ်လစာ ပေါင်(၄)သိန်းခွဲဖြင့် ကမ်းလှမ်းသွားလိမ့်မည်ဟုလည်း ပြင်သစ်မီဒီယာများက ဖော်ပြလျက်ရှိနေကြသည်။ ဒီဟေးယား သည် မန်ယူအသင်းတွင် လက်ရှိ၌ တစ်ပတ်လစာငွေ ပေါင်(၂)သိန်းမျှသာရရှိနေသူဖြစ်ပြီး PSG အသင်း ကမ်းလှမ်းမည့်လစာငွေပမာဏမှာ မန်ယူတွင် ရရှိနေသည့်လစာငွေ၏ (၂)ဆကျော်ပမာဏရှိနေသည်။
မန်ယူအသင်းအနေဖြင့် ဒီဟေးယားအား စာချုပ်သက်တမ်းမတိုးမြှင့် နိုင်ပါက လာမည့်ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းမှ ထွက်ခွင့်ပေးရမည့်အန္တရာယ်ရှိနေသည်။ Daily Star သတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)ခန့်ရရှိလျှင် ရောင်းချဖွယ်ရှိကြောင်း သိရှိရသည်။