■ စပါး ၀-၁ အေဂျက်စ်
လူငယ်တွေနဲ့ ခြေတက်နေတဲ့ အေဂျက်စ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ စပါးအသင်းကို အဝေးကွင်းမှာ (၁-၀) ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။
စပါးအသင်းမှာ ဟာရီကိန်း၊ ဆွန်ဟောင်မင် (ပွဲပယ်) တို့မပါဝင်နိုင်တာကြောင့် ပိုချက်တီနိုဟာ ရှေ့တန်းဟာ စပိန်ဝါရင့်တိုက်စစ်မှူး လော်ရန်တေးကို လူးကပ်စ်မော်ရာနဲ့ တွဲဖက်ပေးပြီး အယ်လီ၊ အဲရစ်ဆင်၊ ဝမ်ယာမာ၊ ဗာတွန်ဂန်၊ အယ်လ်ဒါဝီရယ်လ်၊ လိုရစ်တို့နဲ့ လူစုံခဲ့ပါတယ်။
အေဂျက်စ်အသင်းကတော့ တာဒစ်ကို အထောင်ထားကာ ဇီယာ့ရှ်၊ ဗန်ဒါဘေ့ခ်၊ နေရိစ်၊ ဒီယွန်း၊ လက်ဆီရွှန်း၊ ဒယ်လစ်၊ ဘလင်း၊ အိုနာနာတို့ကို လူစုံပွဲထုတ်ကာ စပါးအသင်းကို ရင်ဆိုင်ခဲ့တာပါ။
အေဂျက်စ်အသင်းဟာ အဝေးကွင်းဖြစ်ပေမယ့် စပါးအသင်းကို ရှိန်မနေဘဲ ပွဲစကတည်းက မထင်မှတ်ဘဲ ဖွင့်ကစားခဲ့လို့ စပါးတို့အခက်တွေ့ခဲ့ရပါတယ်။
ပွဲချိန် (၁၅) မိနစ်မှာတော့ တိုက်စစ်ဖွင့်ကစားနေတဲ့ အေဂျက်စ်အသင်းမှာ စောစောစီးစီးပဲ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ ဇီယာ့ရှ် ဖန်တီးပေးတာကို ဗန်ဒါဘေ့ခ်က စပါးအသင်းရဲ့ လူကျွံဖမ်းကစားမှုကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးသွင်းယူခဲ့တဲ့ ဗန်ဒါဘေ့ခ်ဟာ အသက် (၂၂) နှစ်နဲ့ (၁၂) ရက်သာ ရှိသေးတာကြောင့် အေဂျက်စ်အသင်းရဲ့ သမိုင်းမှာ ချန်ပီယံဆီမီးဖိုင်နယ် ဂိုးသွင်းတဲ့ တတိယမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ စပါးတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကို ကျော်နိုင်ခဲ့ခြင်း မရှိသလို၊ ဆွန်ဟောင်မင်မပါတဲ့ တိုက်စစ်ပိုင်းက အလုပ်မဖြစ်တာကြောင့် ပထမပိုင်းမှာ ဂိုးမရဘဲ (၀-၁) ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ စပါးတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကို အသီးသီးကျော်ဖြတ်လာတဲ့ အေဂျက်စ်အသင်းဟာ စနစ်တကျနဲ့ ကစားခဲ့တာကြောင့် စပါးတို့ အခက်တွေ့ခဲ့ရပါတယ်။
စပါးအသင်းအနေနဲ့ တိုက်စစ်ကို ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် အေဂျက်စ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေက စပါးအသင်းကို ပိုုမို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ပွဲချိန် (၇၀) ကျော်ကျော်လောက်မှာ တန်ပြန်တိုက်စစ်ကနေ အေဂျက်စ်တောင်ပံကစားသမား နေရိစ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် စပါးတို့ သက်သာရခဲ့တာပါ။
ကျန်ပွဲချိန်မှာ စပါး ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အေဂျက််စ်အသင်းက အကောင်းဆုံးထိန်းချုပ်ပြီး အဝေးကွင်းမှာ (၁-၀) ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကို အပိုင်ရယူနိုင်ခဲ့ပါတယ်။
■ ယနေ့ကစားသည့် ပွဲစဉ်များ ရလဒ်
လီဂူး
မောင့်ပယ်လီယာ ၃-၂ PSG
လိဂ်ချန်ပီယံရှစ်
မီဝေါလ် ၁-၂ ဘရစ္စတိုးလ်