အဲဗာတန်အသင်းသည် အသင်း၏ လူငယ်ကွင်းလယ်ကစားသမား တွမ်ဒေးဗီးစ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် အသင်း၏ လူငယ်ကွင်းလယ်ကစားသမား တွမ်ဒေးဗီးစ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် (၂၀)အရွယ်ရှိ အင်္ဂလန်လူငယ်ကွင်းလယ်လူ တွမ်ဒေးဗီးစ်သည် အသက် (၁၁)နှစ်ကတည်းက အဲဗာတန်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အသင်းကြီးနှင့်အတူ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။
တွမ်ဒေးဗီးစ်သည် ယခုရာသီတွင် အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားလက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၁၉)ပွဲသာကစားခွင့်ရခဲ့သူဖြစ်သည်။
သို့သော် မာကိုဆေးလ်ဗားက တွမ်ဒေးဗီးစ်မှာ အသင်း၏ အနာဂတ်အစီအစဉ်များတွင် အဓိကနေရာမှ ပါဝင်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာကိုဆေးလ်ဗားက '' တွမ်ဒေးဗီးစ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဟာ အသင်းအတွက် တကယ်ကိုကောင်းပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်မှာလည်း အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာပါလိမ့်မယ်။ ပြီးတော့ သူဟာ အသင်းကို အလွန်ချစ်သူဖြစ်ပြီး အသင်းနဲ့ဆက်လက်လက်တွဲလိုတာကြောင့် ကျွန်တော့်အနေနဲ့ အလွန်ကျေနပ်ရပါတယ်" ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
တွမ်ဒေးဗီးစ်သည် အဲဗာတန်အသင်းအတွက် (၄)ရာသီကာလအတွင်း ပြိုင်ပွဲစုံ (၈၉)ပွဲကစားထားကာ (၄)ဂိုးသွင်းယူထားပြီး အနာဂတ်တွင်အဲဗာတန်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်လာနိုင်သူဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။