စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားပြိုင်ပွဲများကို ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပသွားမည်

စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားပြိုင်ပွဲများကို ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပသွားမည်
Published 30 April 2019

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)သည် စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားပြိုင်ပွဲများကို ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ကလပ်အသင်း(၁၁၆)သင်းပါဝင်သော အစည်းအဝေး၌ ယင်းအစီအ စဉ်များကို အဆိုပြုခဲ့ရာ ကန့်ကွက်မဲ(၂)မဲနှင့် ကြားနေမဲ(၁)မဲသာရှိခဲ့သည့်အတွက် လာမည့်ရာသီတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

စပိန်ဘုရင့် ဖလားပြိုင်ပွဲတွင် အဓိကပြောင်းလဲသွားမည်မှာ  ဆီမီးဖိုင်နယ်မှလွဲ၍ ကျန်အဆင့်များတွင် တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားသွားရန် ဖြစ်သည်။

စပိန်စူပါဖလားပြိုင်ပွဲကို မူလက လာလီဂါချန်ပီယံနှင့် စပိန်ဘုရင့်ဖလားချန်ပီယံတို့သာ ယှဉ်ပြိုင်ရသော်လည်း ပုံစံသစ်တွင် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရောက်(၂)သင်း နှင့် လာလီဂါပြိုင်ပွဲတွင် ထိပ်ဆုံးရပ်တည်နိုင်သည့်(၂)သင်း စုစုပေါင်း(၄)သင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ 

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရောက်အသင်းမှာ လာလီဂါတွင်လည်း ထိပ်ဆုံး(၂)သင်းစာရင်းတွင် ပါဝင်နေပါက လာလီဂါမှ ရပ်တည်မှုမြင့်သည့်အသင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် လာမည့်ရာသီ စပိန်စူပါဖလားပြိုင်ပွဲကို ဘာစီလိုနာ၊ အက်သလက်တီကို၊ ရီးယဲလ် နှင့် ဗလင်စီယာတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သလို၊ ယခင်ကကဲ့သို့ ရာသီအစတွင်မဟုတ်ဘဲ ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံတစ်ခု၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Most Read

Most Recent