စပါးအသင်း၏နည်းပြ ပိုချက်တီနိုက မက်ဆီ မပါဝင်ခဲ့ပါက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိလာသည့်အသင်းတိုင်း ဗိုလ်စွဲရန်အခွင့်အရေး (၂၅)ရာခိုင်နှုန်းစီ ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
ပိုချက်တီနိုသည် စပါးအသင်းကို ဆုဖလားအောင်မြင်မှု ရယူပေးနိုင်ခြင်း မရှိသေးသော်လည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ပေါင်း(၆၀)နီးပါးကြာမှ တစ်ကျော့ပြန်တက်ရောက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။
စပါးအသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင် အေဂျက်စ်အသင်းနှင့် ဆုံတွေ့နေပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင် လိမ့်မည်ဟု တစ်ပေးခံထားရသော်လည်း ဗိုလ်စွဲရန် ရေပန်းစားမှုတွင်မူ ဘာစီလိုနာနှင့် လီဗာပူးလ်အသင်းတို့၏နောက်တွင်သာ ရှိနေသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ပိုချက်တီနိုက မက်ဆီကို ပိုင်ဆိုင်ထားသော ဘာစီလိုနာအသင်းသည် ကျန်အသင်းများနှင့်ခြားနားနေပြီး ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
ပိုချက်တီနိုက ''ကွာတားဖိုင်နယ်မှာ ဖြစ်ခဲ့တာတွေကို ကြည့်လိုက်ရင် ဒီပြိုင်ပွဲမှာ ရေပန်းစားတဲ့အသင်းမရှိဘူးဆိုတာ တွေ့ နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရတော့ မက်ဆီကို ပိုင်ဆိုင်ထားတဲ့အသင်းက ပိုပြီးရေပန်းစားနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တာကြောင့် အသင်းဖော်တွေကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ အကောင်းဆုံးကစားသမားအဖြစ် နှစ်များစွာ ဖြတ်သန်းခဲ့ပြီးပေမယ့် အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ မက်ဆီသာမပါဘူးဆိုရင် ဆီမီးဖိုင်နယ်ရောက်လာတဲ့ (၄)သင်းစလုံးဗိုလ်စွဲဖို့ အခွင့်အရေး (၂၅)ရာခိုင်နှုန်းစီ ရှိနေမှာပါပဲ''ဟု ပြောကြားခဲ့သည်။