မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအသင်းမှာ မီတာ ၁၀၀ ကမ္ဘာ့စံချိန်ရှင် ဂျမေကာအပြေးသမားဟောင်း ယူစိန်ဘော့၊ အမေရိကန်ဂန္ထဝင်ဂေါ့ဖ်ကစားသမား ဂျက်နစ်ကလောက်စ်၊ တိုက်ဂါးဝုဒ်တို့ကဲ့သို့ စံနမူ နာပြအသင်းမျိုးဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက စံချိန်တင်ရမှတ် ၁၀၀ ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဖလား ဆွတ်ခူးရရှိခဲ့ပြီး ယခုရာသီ တွင်လည်း လက်ကျန်သုံးပွဲစလုံးအနိုင်ရပါက ၉၈ မှတ်ဖြင့် ချန်ပီယံဆု ထပ်မံကာကွယ်နိုင် မည်ဖြစ်သည်။ ထို့ပြင် ဧပြီ ၂၆ ရက်အပြီးတွင် ၉၁ မှတ်ဖြင့် ထိပ်ဆုံးနေရာ ပြန်လည်ရောက်ရှိလာသည့် လီဗာပူးလ်အသင်းမှာလည်း လက်ကျန်နှစ်ပွဲစလုံးအနိုင်ရပါက ၉၇ မှတ်အထိ ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက " ပြီးခဲ့တဲ့နှစ်မှာ မန်ချက်စတာစီးတီးအသင်းက စံချိန်တစ်ခု ဖန်တီးခဲ့တယ်။ အဲဒီစံချိန်ကြောင့် ချန်ပီယံဆုရဖို့ဆိုရင် ရမှတ် ၁၀၀ နီးပါးလိုအပ်တယ်ဆိုတာ လူတွေသဘောပေါက်လာကြတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းက ဒီနှစ်မှာ အမှတ်တွေ အများကြီးရယူနိုင်အောင် ကြိုးစားခဲ့ပြီး သူတို့ကြောင့် ကျွန်တော်တို့လည်း ဒီလိုအခြေအနေကို ထပ်ရောက်လာတာပါ။ အခုလိုယှဉ်ပြိုင်ရတဲ့အတွက် လီဗာပူးလ် အသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့နှစ်သင်းက နိုင်ပွဲတွေ အများကြီးရထားတယ်။ ဒါက ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ စံချိန်ကြောင့်ပါပဲ။ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ယူစိန်ဘော့ စွမ်းဆောင်ခဲ့ သလိုမျိုးပေါ့။ ဒါက စံနမူနာပါပဲ။ တခြားသူ တွေလည်း ဒီလိုစံချိန်တွေရခဲ့ဖူးပါတယ်။ ဂျက်နစ်ကလောက်စ်က ဂရင်းစလင်းချန်ပီယံ ၁၈ ကြိမ်ဖြစ်ဖူးပြီး တိုက်ဂါးဝုဒ်ကလည်း အလားတူပါပဲ။ တစ်ရာသီအတွင်းမှာ ရမှတ် ၁၀၀ ရယူနိုင်တယ်ဆိုတာလည်း အတူတူပါပဲ။ ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ အဲဒီaလာက်အမှတ်ရဖို့ လိုတာပေါ့။ ကျွန်တော်ကaတာ့ အဲဒီအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ကလွဲပြီး အများကြီးမမျှော်လင့် ထားပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
ထို့ပြင် ဘန်လေအသင်းနှင့် ယနေ့ကစားရမည့် အဝေးကွင်းပွဲမှာလည်း ခက်ခဲနိုင်ကြောင်း ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့သည်။ "အဲဒီကွင်းမှာကစားရတဲ့ ပွဲတိုင်းက အမြဲခက်ခဲပါတယ်။ ဒါက ရာသီအဆုံးသတ် ချိန်ဖြစ်ပြီး နောက်ဆုံးပွဲတွေဆိုတော့ အားလုံးလည်း ဖိအားတွေကိုယ်စီ ခံစားနေရပါတယ်။ ဘန်လေဆီက ခက်ခဲတဲ့အမှတ်တွေယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်" ဟု ၎င်းက ဆိုသည်။ တံကောက်ကြောဒဏ်ရာရရှိထားသည့် ကွင်းလယ်လူ ဒီဘရိုင်းနားမှာမူ ယင်းပွဲကို ထပ်မံ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။