ကွင်းသစ်မှာ ပထမဆုံးရှုံးပွဲကြုံပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားဝင်သွားတဲ့စပါး

ကွင်းသစ်မှာ ပထမဆုံးရှုံးပွဲကြုံပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားဝင်သွားတဲ့စပါး
Photos: Getty Images
Photos: Getty Images
Published 27 April 2019

■ စပါး ၀-၁ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းက (၁-၀)ဂိုးနဲ့အနိုင်ယူပြီး စပါးအသင်းကို အိမ်ကွင်းသစ်ကြီးမှာ ပထမဆုံးရှုံးပွဲတွေ့စေခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့နဲ့ အပြိုင်ဖြစ်နေတဲ့ စပါးအတွက် ရာသီလက်ကျန်ပွဲတွေဟာ နိုင်ပွဲရဖို့အရေးပါပေမယ့် အိမ်ကွင်းရှုံးပွဲနဲ့အတူ ဖိအားဝင်သွားခဲ့တာပါ။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကစားဖို့ရှိနေလို့ ဒီနေ့ပွဲစဉ်မှာ စပါးအသင်းနည်းပြပိုချက်တီနိုဟာ အသင်းရဲ့ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် အသင်းရဲ့ပွဲထွက်စာရင်းက တောင့်တင်းခဲ့ပါတယ်။

ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်ကစားပုံနဲ့ တန်ပြန်တိုက်စစ်တွေကို စပါးအသင်းကို တစ်ချိန်လုံးဒုက္ခပေးခဲ့ပြီး ဂိုးသမား လိုရစ် အကောင်းဆုံးလက်စွမ်းပြခဲ့လို့သာ ဒီထက်ပိုပြီးဂိုးမပြတ်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ သူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုပြသွားခဲ့ပြီး အမှတ်မလိုပေမယ့် အကောင်းဆုံးဒါဘီပွဲတစ်ပွဲဲကိုဖန်တီးပေးခဲ့ပါတယ်။

ပွဲစကတည်းက စပါးအသင်းကစားကွက်အသာစီးယူဖို့ကြိုးစားခဲ့ပေမယ့် တကယ်တမ်းမာမာကျောကျောကစားနိုင်ခဲ့တာက ဝက်စ်ဟမ်းအသင်းပါ။

ပထမပိုင်းမှာ နှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်အားနည်းခဲ့ကြသလို၊ ဂိုးသမားတွေလက်စွမ်းပြခဲ့လို့ ဂိုးမရှိသရေနဲ့ပဲပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးရဖို့ပိုကြိုးစားလာလို့ ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး ဝက်စ်ဟမ်းအသင်းကဆက်တိုက်ဆိုသလို ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၇)မိနစ်မှာ အာနော်တိုဗစ်ရဲ့ပေးပို့မှုကနေ အန်တိုနီယိုက သွင်းယူပေးခဲ့ပါတယ်။

ဂိုးရပြီးနောက်မှာလည်း ဝက်စ်ဟမ်းအသင်း ဆက်တိုက်ဆိုသလိုဖိအားပေးခဲ့ပြီး စပါးအသင်းရဲ့ဂိုးသမားလိုရစ်အကောင်းဆုံးလက်စွမ်းပြခဲ့လို့ စပါးအသင်းသက်သာရာရခဲ့တာပါ။

လက်ကျန်မိနစ်တွေမှာ စပါးအသင်း ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်နဲ့ ဂိုးသမားက အကောင်းဆုံးပုံစံမှာရှိနေခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့ရပါတယ်။

ဒါကြောင့်ပွဲအပြီးမှာတော့ ဝက်စ်ဟမ်းအသင်းဟာ စပါးအသင်းရဲ့အိမ်ကွင်းသစ်မှာ အနိုင်ရရှိတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး၊ စပါးအသင်းအတွက်ကတော့ လက်ကျန် (၂)ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတော့တဲ့ အခြေအနေပါပဲ။

Most Read

Most Recent