မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ၎င်းအနေဖြင့် လာမည့်ရာသီတွင် ပေါ့ဘာ အသင်း၌ဆက်ရှိနေမည်ဟု ယူဆသော်လည်း အာမမခံနိုင်ကြောင်း ပြောကြားခဲ့သည်။
''ဘောလုံးမှာ ဘယ်အရာကိုမှ အာမခံလို့မရပါဘူး။ ဒါပေမဲ့ ပေါ့ဘာကတော့ ဒီမှာပဲဆက်ရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ယူနိုက်တက် နဲ့အတူ အောင်မြင်မှုတွေရယူဖို့ ဆုံးဖြတ်ထားတဲ့သူပါ''ဟု ၎င်းက ဆိုသည်။
(၂၆)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူသည် မန်ယူအသင်းနှင့် ၂၀၂၁ ဇူလိုင်လအထိ စာချုပ်သက်တမ်းရှိနေသော်လည်း ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ပေါ့ဘာသည် မတ်လအတွင်းက နိုင်ငံတကာပွဲသွားရောက် ကစားစဉ် ရီးယဲလ်အသင်း၌ ကစားခွင့်ရရေးမှာ ကစားသမားအားလုံး၏ အိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို ပြင်သစ်အခြေစိုက် L'Equipe သတင်းစာကလည်း ၎င်းအနေဖြင့် နွေရာသီတွင်ထွက်ခွာရန် ဆုံးဖြတ်ထားပြီဟု အသင်းဖော်များကို ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့သည်။
၎င်း၏အေးဂျင့် ရိုင်အိုလာမှာလည်း မန်ယူအသင်းနှင့်ဆွေးနွေးမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆိုးလ်ရှားက ဖိအားများရင်ဆိုင်နေရသည့် ဂိုးသမား ဒီဟေးယားအား ချယ်လ်ဆီးအသင်းနှင့်ပွဲ၌ ပွဲထွက်စာရင်းမှ ချန်လှပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒီဟေးယားသည် အာဆင်နယ်၊ ဘာစီ လိုနာ၊ အဲဗာတန်၊ မန်စီးတီးအသင်းတို့အား ရှုံးနိမ့်သည့်ပွဲများတွင် ၎င်း၏ အားနည်းချက်ကြောင့် ဂိုးများအလွယ်တကူခွင့်ပြုခဲ့ရသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လျက်သည်။
ထို့ပြင် မန်ယူအသင်းသည် ဖေဖော်ဝါရီနောက်ပိုင်း Clean Sheet (ဂိုးမပေးရသည့်ပွဲ) တစ်ပွဲမှမရှိသလို ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၃၅ ပွဲအပြီးမှာပင် ဂိုး ၅၀ အထိ ခွင့်ပြုထားရပြီး နှစ်ပေါင်း ၄၀ အတွင်း ပေးဂိုးအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။