ကရင်ပြည်နယ် မြဝတီမြို့တွင် တရားမဝင် ဖွင့်လှစ် လောင်းကစားပြုလုပ်နေသော ငါးဖမ်းလောင်းကစားဂိမ်းရုံ တစ်ခုအား စက်တင်ဘာ ၂၅ ရက် ည ၉ နာရီခွဲခန့်က သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြဝတီမြို့မရဲစခန်း၊ ခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော်၊ ဒုရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေရပ်ကွက် လူကြီးများနှင့်အတူ အမှတ် (၅) ရပ်ကွက်၊ ဆင်းရွှေလီ (၁) လမ်း၊ လောင်းကစားဂိမ်းရုံ ဖွင့်လှစ်နေကြောင်း သတင်းအရ စခန်းမှူး၏ လောင်းကစားရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းအမှတ် ၈/၂၀၁၇ ဖြင့် ငါးဖမ်းလောင်းကစားဂိမ်းရုံသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ရဲအုပ်မျိုးကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေလူကြီးများ ပါဝင်သော ဖမ်းဆီးရေး အဖွဲ့သည် ဆင်းရွှေလီ (၁) လမ်းရှိ “ကြယ်စင်လင်း” အနောက်ဘက် လောင်းကစားရုံအား ဝင်ရောက်ဖမ်းဆီးရာ ငါးဖမ်းလောင်းကစားဂိမ်းစက် တစ်လုံးနှင့်အတူ ဘေး၌လောင်းကစားနေသူ ရားမားဆာမိ (၂၄ နှစ်) အမှတ် (၅) ရပ်ကွက်နေသူနှင့် မခင်မူ (၅၂ နှစ်) အမှတ် (၂) ရပ်ကွက် ကျွန်းတောနေသူတို့ နှစ်ဦးအား တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေရာ ရားမားဆာမိထံမှ ငွေစက္ကူရောရာ ကျပ် ၂၄၀၀၀ အား ရှာဖွေတွေ့ရှိပြီး ၎င်းတို့အနီး ငါးဖမ်းဂိမ်းစက်ရှေ့တွင် လောင်းကစားဒိုင်ဖြစ်သူ ကိုချမ်းအေး ( ၂၉ နှစ်)(ဘ) ဦးကြီးမြင့်၊ (ကြယ်စင်လင်း စားသောက်ဆိုင် ပိုင်ရှင်) ဆင်းရွှေလီ (၁) လမ်းအမှတ် (၅) ရပ်ကွက်၊ နေသူအားတွေရှိရ၍ ၎င်း၏ ယာဘက်လက်တွင် ကိုင်ဆောင်ထားသာ ငွေစက္ကူရောရော ကျပ် ၆၈၀၀၀၊ ငါးဖမ်းလောင်းကစားဂိမ်းစက်တွင် ပိုက်ဆံထည့်သည့် အနီရောင်ဂိမ်းစက် ဆားကစ်ပြား Kanbo အမျိုးအစား မီးစက်တစ်လုံး။ အကြွေစေ့ဂိမ်းစက် လေးလုံးတို့အား တွေ့ရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ငါးဖမ်းဂိမ်း လောင်းကစားဂိမ်းစက် လောင်းကစားရုံပိုင်ရှင်ဖြစ်သည့် ကိုချမ်းအေးနှင့် လောင်းကစားနေသူ ရားမားဆာမိနှင့် မခင်မူတို့အား မြဝတီမြို့မ ရဲစခန်းမှ (ပ) ၉၉၁/၂၀၁၇ လောင်းကစားဥပဒေပုဒ်မ ၁၃ (က) ၁၄ (က) ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။