အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် အမျိုးသားရေး လှုပ်ရှားသူ ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ခုနစ်လစီ အမိန့်ချ

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် အမျိုးသားရေး လှုပ်ရှားသူ ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ခုနစ်လစီ အမိန့်ချ
Published 29 September 2017

ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးကို စက်တင်ဘာ ၂၈ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားသည့် ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ၎င်းတို့ လေးဦးအား တရားစွဲဆိုထားသည့် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် တစ်လစီနှင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ခြောက်လစီ စုစုပေါင်း ထောင်ဒဏ်ခုနစ်လ အမိန့်ချမှတ်ခဲ့ကာ ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဒီနိုင်ငံမှာ ဘင်္ဂါလီတွေပဲ ရှိတယ်။ နိုင်ငံ အုပ်ချုပ်သူတွေ ကိုယ်တိုင်က ဘင်္ဂါလီကို ဘင်္ဂါလီလို့ ပြတ်ပြတ်သားသား ပြောမှကို ကျွန်တော်တို့ တိုင်းရင်းသားတွေ စိတ်ချရမယ်။ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့မြေတွေ စိတ်ချရဖို့အတွက် ဒေါ်အောင်းဆန်းစုကြည်ကိုယ်တိုင်က ရိုဟင်ဂျာ မရှိပါဘူး။ ဘင်္ဂါလီတွေပဲ ရှိပါတယ်လို့ ပြတ်ပြတ်သားသား ပြောသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုးကို တိုက်တွန်းပါတယ်။ အဲဒီလိုမျိုးပြောမယ်ဆိုရင် ကျွန်တော်တို့က သူ့ကို ထောက်ခံသွားပါမယ်” ဟု အမျိုးသားရေးလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်က ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ခုနစ်လ ချမှတ်ပြီး အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်စဉ် ပြောကြားသည်။

အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် ကိုဝင်းကိုကိုလတ် အပါအဝင် လေးဦးနှင့် ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာသုံးပါးတို့ကို ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး မေလအတွင်းက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုပြီးနောက် ဝင်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေဝင်းအောင်တို့ကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

အဆိုပါ အမှုတွဲတွင် ပါဝင်သည့် ဆရာတော် ဦးပါမောက္ခနှင့် သံဃာတော် နှစ်ပါးတို့သည် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲပြီးနောက် တရားရုံးသို့ လာရောက်တရားရင်ဆိုင်ခြင်း မရှိသေးဘဲ သံဃာတော်သုံးပါးကို ဖမ်းဝရမ်းထုတ်ထားကာ အမှုကိုခွဲ၍ ဆက်လက်စစ်ဆေးနေခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန်သံရုံး-ရန်ကုန်၏ ထုတ်ပြန်ချက်တွင် “ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် မိမိတို့ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ဒေသခံ သတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသောကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထပ်တူကြေကွဲ ဝမ်းနည်းရပါကြောင်း အမေရိကန် ပြည်သူများကိုယ်စား မိမိတို့ ပြောကြားလိုပါသည်” ဟု ထည့်သွင်းရေးသား ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ အမေရိကန်သံရုံး-ရန်ကုန်၏ ထုတ်ပြန်ချက်အပေါ် သံဃာတော်များနှင့် အမျိုးသားရေး လှုပ်ရှားသူများက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒပြခဲ့သည့်အတွက် မကွေးတိုက်ကျောင်း ဆရာတော် ဦးပါမောက္ခ၊ မျိုးချစ်ရဟန်းတော်များ သမဂ္ဂဥက္ကဋ္ဌ ဦးဉာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တနှင့် လူပုဂ္ဂိုလ်များဖြစ်သည့် ဝင်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေဝင်းအောင်တို့ကို ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအဝိုင်းဆိုသည့် အသုံးအနှုန်းကို လုံး၀ လက်မခံကြောင်း ဆန္ဒပြမှုကြောင့် ကိုဝင်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် တစ်လစီ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် စက်တင်ဘာ ၆ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ အမိန့်ချမှတ်ထားကြောင်း သိရသည်။

Most Read

Most Recent