သုံးခွမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၄၀ ကျော်အား ခိုးယူခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိ

သုံးခွမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၄၀ ကျော်အား ခိုးယူခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိ
Published 27 September 2017

သုံးခွမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၄၀ ကျော်အား ခိုးယူခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၀ ရက်၊ နံနက် ၆ နာရီခန့်တွင် သုံးခွမြို့နယ်၊ ညောင်လန်းကုန်းကျေးရွာနေ ဒေါ်... (၈၃ နှစ်) သည် ရွာဦးကျောင်းဆရာတော် စံကျောင်းချရန်ရှိသဖြင့် နေအိမ်မှ ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး ယင်းနေ့ညနေ ၃ နာရီခန့်တွင် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

နေအိမ်သို့ ရောက်သည့်အချိန်တွင် နေအိမ်အပေါ်ထပ် ခေါင်းရင်းခန်းတွင်ထားရှိသည့် ရွှေထည်လက်ဝတ်ရတနာများနှင့် ငွေများထည့်ထားသည့် သံသေတ္တာမှာ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးရာ သေတ္တာအတွင်း ထည့်ထားသည့် ငွေကျပ်သိန်း ၅၀ နှင့် ရွှေလက်စွပ်တစ်ကွင်းတို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

အမှုမှ တရားလိုဖြစ်သူ ဒေါ်...(၈၃နှစ်) အား သက်ဆိုင်ရာရဲတပ်ဖွဲ့က စစ်ဆေးရာအခင်းဖြစ်ပြီးနောက် တိုင်တန်းချက်၌ ငွေကျပ်သိန်း ၅၀ နှင့် လက်စွပ်တစ်ကွင်းဟု သိရသော်လည်း အမှုဖွင့်ပြီးနောက်တွင် သေတ္တာအား ပြန်လည်စစ်ဆေးရာ ငွေကျပ် ၄၁ သိန်းသာ ခိုးယူခံရကြောင်း၊ ရွှေလက်စွပ်မှာလည်း သေတ္တာအတွင်းထားခြင်းရှိ မရှိ ၎င်းမှာ သေချာမှတ်မိခြင်းမရှိကြောင်း သိရသည်။

ယင်းအပြင် ဒေါ်...(၈၃နှစ်) မှာလွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ အိမ်ထောင်ကွဲပြီးနောက် တစ်ဦးတည်း နေထိုင်သူဖြစ်၍ တူဖြစ်သူအား နေအိမ်သို့ လာရောက်နေထိုင်ရန် ခေါ်ထားခဲ့ပြီး လွန်ခဲ့သည့် ရှစ်နှစ်ခန့်က တူဖြစ်သူမှာ အိမ်ထောင်ကျသွားခဲ့သဖြင့် ၎င်းနှင့်အတူနေထိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့နောက် တူမတော်စပ်သူတစ်ဦးအား နေအိမ်သို့ ထပ်မံခေါ်ယူနေထိုင်စဉ် လွန်ခဲ့သည့် ငါးလခန့်မှစ၍ တူမဖြစ်သူမှာ သူရကိုကိုနှင့် အိမ်ထောင်ကျသွားခဲ့ပြီး အတူနေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ထို့နောက် ပတ်ဝန်းကျင်အား ရဲတပ်ဖွဲ့မှ စုံစမ်းသည့်အချိန်တွင် ဒေါ်...(၈၃နှစ်) ၏ တူမဖြစ်သူ၏ ခင်ပွန်းဖြစ်သူ သူရကိုကိုမှာ နေအိမ်ဆောက်လုပ်စဉ်က ငွေကြေးမလုံလောက်သဖြင့် ချေးယူထားခဲ့သည့်ငွေများအား ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသေးသည့် အပြင်အလုပ်အကိုင်လည်း အတည်တကျမရှိသူဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

သူရကိုကိုအား စစ်ဆေးရာ ၎င်းမှာ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဆိုင်ကယ်ပြင်ရန်အတွက် ညောင်လန်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး အခင်းဖြစ်နေအိမ်ရှေ့အရောက်၌ ဒေါ်...(၈၃နှစ်) ၏ အိမ်မှာ သော့ခတ်ထားသည်ကို တွေ့ရသဖြင့် ရွာအပြင်တောတန်းဘက်သို့ ထွက်လာခဲ့ပြီးနောက်တွင် အခင်းဖြစ်နေအိမ်သို့ ပစ္စည်းများခိုးယူရန် ပြန်လည်သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်...(၈၃ နှစ်) ၏ နေအိမ်သို့အရောက်တွင် နောက်ဘေးပေါက်မှ ခြံဝင်းအတွင်းဝင်ရောက်၍ နေအိမ်အောက်ထပ်ရှိ ပျဉ်ချပ်အားခွာကာ အတွင်းသို့ဝင်ရောက်ပြီး သံသေတ္တာအတွင်းရှိ ငွေကျပ် ၄၁ သိန်းအား ခိုးယူခဲ့ကြောင်းနှင့် ခိုးယူခဲ့သည့် ငွေများမှ နှစ်သောင်းကျပ်ကိုသာသုံးစွဲခဲ့ပြီး ကျန်ရှိသည့်ငွေများအား ၎င်း၏ဖခင်ဖြစ်သူပိုင် ဆိတ်ခြံထဲတွင် ကျင်းတူးမြှုပ်နှံထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent