ပျောက်ဆုံး ဟိန္ဒူဘာသာဝင်အလောင်းများ ဆက်လက်ရှာဖွေနေပြီး တူးဖော်တွေ့ရှိခဲ့သည့် ဟိန္ဒူဘာသာဝင် အလောင်းများကို ဟိန္ဒူဘာသာ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ သဂြုႋဟ်ရန် စီစဉ်နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရဲမှူးချုပ် ပြောကြား

ပျောက်ဆုံး ဟိန္ဒူဘာသာဝင်အလောင်းများ ဆက်လက်ရှာဖွေနေပြီး တူးဖော်တွေ့ရှိခဲ့သည့် ဟိန္ဒူဘာသာဝင် အလောင်းများကို ဟိန္ဒူဘာသာ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ သဂြုႋဟ်ရန် စီစဉ်နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရဲမှူးချုပ် ပြောကြား
Published 27 September 2017

မိသားစုဝင်များ အသတ်ခံရသဖြင့် ငိုကြွေးပူဆွေးနေသော ဟိန္ဒူဘာသာဝင် မိသားစုများအား တွေ့ရစဉ်

ပျောက်ဆုံး ဟိန္ဒူဘာသာဝင်အလောင်းများ ဆက်လက်ရှာဖွေနေပြီး တူးဖော်တွေ့ရှိထားသည့် ဟိန္ဒူဘာသာဝင် အလောင်းများကို ဟိန္ဒူဘာသာ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ သဂြုႋဟ်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

“ဒီကနေ့တော့ ရှာတုန်းပါ။ ကျွန်တော့်ဆီတော့ ဘာသတင်းပို့မှုမှ တက်မလာသေးပါဘူး” ဟု အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီ မိနစ် ၅၀ က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက် နှစ်ရက်အတွင်း ဟိန္ဒူဘာသာဝင် အလောင်း ၄၅ လောင်း တူးဖော်တွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအလောင်းများအား မိသားစုများကိုခေါ်ယူကာ ဟိန္ဒူဘာသာ ဓလေ့ထုံးလမ်းစဉ်လာနှင့်အညီ စက်တင်ဘာ ၂၈ ရက်ခန့်တွင် သဂြုႋဟ်ရန် အကြမ်းဖျင်းအားဖြင့် စီစဉ်ထားသည်ဟု သိရသည်။

“အလောင်းတွေကိုတော့ သူတို့မိသားစုတွေကို ပြန်ခေါ်ပြီးတော့မှ ဟိန္ဒူဘာသာ ဓလေ့ထုံးလမ်းစဉ်လာနဲ့အညီ သဂြုႋဟ်ဖို့တော့ စီစဉ်နေပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ စက်တင်ဘာ ၂၈ ရက်ဝန်းကျင်လောက် ဖြစ်မယ်ထင်ပါတယ်” ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များကို ရှာဖွေနေသူ ဟိန္ဒူဘာသာဝင်များ ကူညီရေးခေါင်းဆောင် ဦးနီမောလ်ကို စက်တင်ဘာ ၂၆ ရက်က ရှာဖွေမှုအခြေအနေများအား ဖုန်းဆက်မေးမြန်းရာ ၎င်းက “ဒီကနေ့မတွေ့သေးပါဘူး” ဟု စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ပြောကြားသည်။

သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမားမျာ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင်များ ကူညီရေးခေါင်းဆောင် ဦးနီမောလ်၏ ပြောပြချက်၊ တစ်ဖက်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်များ၏ ကိုယ်တွေ့ပြောကြားချက်များနှင့် ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်လာသူ သက်သေများ၏ ကိုယ်တွေ့ပြောပြချက်တို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ရှာဖွေခဲ့ကြောင်း၊ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာသော ဟိန္ဒူဘာသာဝင်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များကို ရှာဖွေရန် ရဲဘော်ကျကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာအရောက် မသင်္ကာဖွယ် မြေအနေအထားများ တွေ့ရှိရပြီး အပုပ်နံ့ရရှိသည့် မြေနေရာနှစ်နေရာ တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ မြေကျင်းနှစ်ကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားရုပ်အလောင်း ရှစ်လောင်းနှင့် အမျိုးသမီးရုပ်အလောင်း ၂၀ စုစုပေါင်း ၂၈ လောင်း တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစ၍ ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ ဆက်လက်ရှာဖွေရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်တွင် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့သည့် နေရာအနီး ထပ်မံရှာဖွေရာ စက်တင်ဘာ ၂၄ ရက်က တွေ့ရှိခဲ့သည့် နေရာ၏အရှေ့ဘက် မီတာ ၂၀၀ အကွာ တောင်ကြော၏ တစ်ဖက်ခြမ်း၌ အကျယ် ၁၀ ပေ၊ အနက်လေးပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၄ လောင်း၊ ၎င်းနေရာနှင့် ခုနစ်ပေခန့်အကွာ၌ အကျယ် ၁၀ ပေ၊ အနက်သုံးပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်းသုံးလောင်း စုစုပေါင်းရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင်များ၏ ပြောကြားချက်အရ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်များ ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တူးဖော်တွေ့ရှိသည့် ရုပ်အလောင်းများအား မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်အေး၊ မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူးရဲအောင်တို့က စိစစ်ရာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သောအရာများဖြင့် ထိုးသွင်းထားသော ဒဏ်ရာများကြောင့် လွန်ခဲ့သောတစ်လခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရကြောင်း၊ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှုများပြုလုပ်ကာ ဒဏ်ရာဒဏ်ချက်များအား အသေးစိတ်စိစစ်ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ဟိန္ဒူဘာသာဝင်များ၏ ထုံးတမ်းစဉ်လာနှင့်အညီ သဂြုႋဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်တွင် တူးဖော်ရရှိသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းစုစုပေါင်း ၄၅ လောင်း တူးဖော်ရရှိခဲ့ပြီး ဆက်လက်ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent