ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ပန်းအိုးဖြင့်ထုပြီး ဓားပြား၊ ဝိုင်ယာကြိုးတို့ဖြင့် ရိုက်နှက်သည်ဟုဆိုသည့် ဇနီးမောင်နှံအား အမှုဖွင့်ထားပြီဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွှေပြည်သာမြို့နယ် အမှတ် ၂၄ ရပ်ကွက် ဇီးကုန်းကျေးရွာ အလယ်ပိုင်းနေ ဒေါ်... (၃၈ နှစ်) သည် စီးပွားရေးအခြေအနေအရ သမီးဖြစ်သူ မ... (၁၁ နှစ်) အား ယင်းမြို့နယ် လှော်ကားရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် စားသောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံထံ အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့အပ်နှံခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်... က သမီးဖြစ်သူထံ သွားရောက်ခဲ့ရာ ဆိုင်ပိုင်ရှင်များဖြစ်သည့် ဒေါ်တင်ဌေးရီနှင့် ဦးသိန်းမြင့်စိုးဆိုသူတို့က မ... (၁၁ နှစ်) မှာ ရင်ဘတ်အောင့်ပြီး နေမကောင်းသဖြင့် ဆေးကုပေးနေရကြောင်း၊ မ..... အား ပြန်ခေါ်သွားရန်၊ တစ်ရက်၊ နှစ်ရက်နေလျှင် ပြန်လာပို့ရန် ပြောဆိုကာ မ..... ကို မိခင်ဖြစ်သူနှင့် ထည့်ပေးလိုက်ကြောင်း သိရသည်။
နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး သုံးရက်အကြာ စက်တင်ဘာ ၂၃ ရက်ညပိုင်းတွင် သမီးဖြစ်သူ မ.... (၁၁ နှစ်) မှာ လမ်းတွင်မူးလဲကြောင်း ကြားရသဖြင့် လိုက်သွားပြီး သမီးဖြစ်သူအား မေးမြန်းစဉ် မ.....က အဆိုပါဆိုင်တွင် အလုပ်မလုပ်ချင်တော့ကြောင်း ပြောသဖြင့် အကြောင်းစုံကို ဆက်လက်မေးမြန်းခဲ့ကြောင်း သိရသည်။
မေးမြန်းရာ စက်တင်ဘာ ၁၄ ရက်တွင် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်တင်ဌေးရီဆိုသူ က မ... ၏ဦးခေါင်းကို ပန်းအိုးဖြင့်ထုခြင်း၊ ဓားပြားဖြင့်ရိုက်ခြင်း၊ ဝိုင်ယာကြိုးဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်း၏ခင်ပွန်း ဦးသိန်းမြင့်စိုးကလည်း ရင်ဝကို ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်မှုကို မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သိရသည်။
ထို့နောက် မ....၏ ခန္ဓာကိုယ်အား စစ်ဆေးရာ ဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာ၊ လက်တွင်ပွန်းပဲ့ဒဏ်ရာ၊ အစင်းရာများ တွေ့ရှိခဲ့ပြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်လူကြီးတို့အား အကြောင်းကာ ၎င်းတို့နှင့်အတူ လှော်ကားနယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးငယ်၏ မိခင်ဖြစ်သူက “လွန်ခဲ့တဲ့ ခုနစ်လလောက်ကစပြီး ကလေးကို အဲဒီဆိုင်မှာ စထားတာပါ။ စစချင်း ၂၀၀၀၀ ပဲပေးတယ်။ ကလေးက မလုပ်တတ်၊ မကိုင်တတ်လို့ပေါ့။ နောက်နှစ်လလောက်နေတော့ ၅၀၀၀ တိုးပေးပြီး အခုတော့ ၃၀၀၀၀ ရတယ်။ စက်တင်ဘာ ၂၀ ရက်ညက ဖုန်းလှမ်းဆက်လိုက်ပြီး နောက်နေ့သွားတယ်။ သွားတွေ့တော့ ကလေးက နေမကောင်းလို့ ဆေးခန်းပြထားတယ်။ အဲဒါနဲ့ သူတို့က ကလေးကို ပြန်ခေါ်သွားခိုင်းပြီး နေကောင်းမှ ပြန်လာခဲ့လို့ပြောတယ်။ ကလေးကိုကြည့်တော့ ခုတင်ပေါ်က မထနိုင်ဘူး။ ကိုယ်တွေလည်းပူပြီး မူးနေတယ်လို့ ကလေးကပြောတယ်။ ရင်ဘတ်တွေလည်း အောင့်တယ်။ အဲဒါနဲ့ ကလေးကိုပြန်ခေါ်လာတာပါ။ ကျွန်မက အဆင်မပြေလို့ ပိုက်ဆံ ၃၀၀၀၀ ပေးပါလို့ တောင်းလိုက်တော့ သူတို့ကပေးပါတယ်။ ပြီးတော့သူတို့က ကလေးက ပေါက်ကရတွေပြောရင် အပြောမခံဖို့လည်း ကျွန်မကိုမှာလိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း ကလေးကို နေကောင်းရင်ပြန်လာပို့မယ်ဆိုပြီး အထုပ်တွေယူပြီး ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့လည်း ကလေးက မသက်သာဘူး။ စက်တင်ဘာ ၂၃ ရက်ကျတော့ ကျွန်မဈေးဝယ် ချက်ပြုတ်ပြီးတော့ စာအုပ်ဆိုင်ကို ထွက်သွားတယ်။ သမီးကို အိမ်မှာနေ ဆေးသောက်၊ ဘယ်မှမသွားနဲ့လို့ မှာခဲ့တယ်။ သမီးက ဆေးသောက်ဖို့ ဘာမှမစားရသေးတာနဲ့ ကျွန်မကိုလိုက်ရှာရင်း မူးလဲသွားတယ်။ သမီးကို သေချာမေးကြည့်တော့ သူတို့လင်မယားနှစ်ယောက်က သမီးကိုပန်းအိုးနဲ့ရိုက်တယ်။ ပန်းအိုးကွဲသွားတယ်။ သူ့အမျိုးသားကလည်း ပဲကုလားဟင်း သွားဝယ်တာကြာလို့ဆိုပြီး ကလေးရင်ဝကို ခြေထောက်နဲ့ကန်တယ်။ ကြိုးနဲ့လည်းရိုက်တယ်။ ဓားပြားနဲ့လည်း ရိုက်တယ်။ အဲဒီဟာကို ကျွန်မရဲ့ညီမကို သမီးက ပြောပြလို့သိရတာပါ” ဟုပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လှော်ကားနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ဖြစ်စဉ်ကတော့ ကလေးမကို မိဘတွေက စားသောက်ဆိုင်မှာ သွားထားတာ။ ဆိုင်ရှင်က စိတ်အလိုမကျလို့ ရိုက်နှက်တဲ့ပုံစံမျိုး ကလေးမိဘတွေက တရားလိုပြုလုပ် တိုင်ထားတာပါ။ တရားလိုဘက်ကတော့ စစ်ဆေးပြီးပါပြီ။ အတိုင်ခံထားရတဲ့ဘက်ကိုတော့ ခေါ်ထားပါတယ်။ အာမခံကတော့ ပေးလို့ရရင်ပေးမယ်။ မရရင်မပေးပါဘူး” ဟုပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းက (ပ) ၈၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၅၄/၁၁၄ ဖြင့်အမှုဖွင့်ကာ စားသောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံအား စစ်ဆေးအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။