မန်းသီတာဥယျာဉ်ကို ယခင်ပုံစံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ လက်ရှိအစိုးရသက်တမ်းအတွင်း ဖြစ်နိုင်မည်မဟုတ်တော့ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

မန်းသီတာဥယျာဉ်ကို ယခင်ပုံစံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ လက်ရှိအစိုးရသက်တမ်းအတွင်း ဖြစ်နိုင်မည်မဟုတ်တော့ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား
Published 29 September 2018

မန်းသီတာဥယျာဉ်ကို ယခင်ပုံစံ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ ယခု အစိုးရ သက်တမ်းကာလအတွင်း ဖြစ်နိုင်မည်မဟုတ်တော့ကြောင်း မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ၂၈ ရက်က ပြောကြားသည်။

ယခင်ကတည်ရှိခဲ့သည့် မန်းသီတာဥယျာဉ်အား ပြန်လည်ဖော်ဆောင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့သလို လွှတ်တော်တွင်လည်း ၎င်းဥယျာဉ်အတွက် သုံးစွဲမည့်ဘတ်ဂျက်ကို ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၈နှစ် နှစ်ဆန်းပိုင်းတွင် မန်းသီတာ ဥယျာဉ်အကောင်အထည်ဖော်ရန် စည်ပင်သာယာမှ စတင်ဆောင်ရွက်ခဲ့ရာ ယင်းဥယျာဉ်၏ အတွင်းဘက်မှာ နန်းတွင်းနေရာဖြစ်ပြီး တပ်မတော်မှ မန်းသီတာဥယျာဉ်ကို ၎င်းတို့က အကောင်အထည်ဖော်သွားမည်ဆိုသဖြင့် စည်ပင်သာယာမှ မန်းသီတာဥယျာဉ် ဖော်ဆောင်ရန်ရရှိသည့် ဘတ်ဂျက်ငွေကို ၂၆ဘီလမ်း(ကျုံးတောင်ဘက်) တစ်လျှောက် ကျုံးပလက်ဖောင်းနှင့် စတီးလက်ရန်းအသစ်များ လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ကျုံးရေပြင် အတွင်းဘက်ရှိ ဧရိယာနေရာတွင် ယခုအခါ ကလေးကစားစရာ အနည်းငယ်နှင့် လေ့ကျင့်ခန်းပြုလုပ်ရန် ခွင့်ပြုထားရှိပေးပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ပြည်သူလူထုအား ဝင်ထွက်ကစား ခွင့်ပေးထားကြောင်း သိရသည်။

၂၀၁၉ နှစ်အတွင်း အပြီးအကောင်ထည်ဖော်မည်ဟု မန္တလေးမြို့တော်ဝန် ပြောကြားထားသည့် မန်းသီတာဥယျာဉ်ကို တပ်မတော်မှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံဗိသုကာ ပညာရှင် များကရေးဆွဲပေးခဲ့သည့် မန်းသီတာဥယျာဉ်ဒီဇိုင်းကို တပ်မတော်ထံလွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ ၂၀၁၈ ခုနှစ် ကုန်ခါနီးချိန်ထိ မန်းသီတာဥယျာဉ်နှင့်ပတ်သက်သည့် ဆောင်ရွက်ထားမှုမျိုးမရှိသေးဘဲ ကလေးကစားကွင်း အနည်းငယ်သာထားရှိသည် နှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား မေးမြန်းခဲ့ရာ“အရင်ရှိခဲ့တဲ့ မန်းသီတာ ဥယျာဉ်ပုံစံမျိုးကတော့  လုပ်မရတော့ဘူး။အဲဒီအစား တခြားနေရာတွေမှာ လူထု အပန်းဖြေနေရာမျိုးတွေ ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။ ရှေးဟောင်းနဲ့ ငြိနေတယ်။ရှေးဟောင်းက သူတို့နဲ့ပေနှစ်ရာ အကွာအတွင်းမှာ ဘာမှလုပ်လို့မရဘူး။ နန်းတော်နဲ့က နီးနေတယ်။ ရှေးဟောင်း အမွေအနှစ်နားမှာ ဘာပဲလုပ်လုပ် ရှေးဟောင်းဥပဒေနဲ့အညီ ပြန်ကြည့်ဖို့တော့ လိုမယ်။ ရှေးဟောင်းဥပဒေအသစ် ထွက်လာရင်တော့ ပြန်ကြည့်ရမယ်။အဲဒါကိုက ပြဋ္ဌာန်းဖို့တွေဘာတွေ လွှတ်တော်ကို တက်ရမှာတွေ အများကြီးရှိသေးတယ်” ဟု ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ယခုအစိုးရသက်တမ်း ကာလအတွင်း မန်းသီတာဥယျာဉ်အား အကောင်အထည်ဖော် ဆောင်နိုင်ခြင်းမရှိဟု ဆိုရမလားဟု မေးမြန်းခဲ့ရာ ထို့ကြောင့် ၎င်းတို့ကိုသာ ဆက်လက်မဲပေးပါဟု ထပ်မံပြောကြားသည်။

၁၉၅၈ခုနှစ်တွင် မန္တလေးမြို့တောင်ဘက်ကျုံး(၂၆ဘီ လမ်း)မြို့ရိုးနှင့် ကျုံးရေပြင်အကြား  မြေကွက်လပ်တွင် “မန်းသီတာ ဥယျာဉ်” ဟုခေါ်သော လူထုအပန်းဖြေ ဥယျာဉ်ကြီးတစ်ခုတည်ဆောက်ခဲ့ပြီး ၂၆ ဘီ လမ်းတစ်လျှောက် ၇၃လမ်းမှ ၇၉လမ်းအထိ ခြောက်ပြတိတိရှိခဲ့ကာ ပေသုံးရာကျော် ကျယ်ဝန်းကြောင်း၊ လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများ အပါအဝင် အချိန်ရာသီအလိုက် အခမ်းအနားများကို မန်းသီတာဥယျာဉ်နှင့် ကျုံးရေပြင်များတွင်ကျင်းပခဲ့ဖူး ပြီး ၁၉၉၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent