မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သံလမ်းနံဘေး အပေါ့သွားစဉ် ရထားတိုက်ခံမှုကြောင့် သေဆုံးခဲ့ကြောင်း မြို့မရဲစခန်း (စဉ့်ကိုင်) မှ စခန်းမှူး ဒုရဲမှူးစိုးလွင်က သြဂုတ် ၃၀ ရက်က ပြောကြားသည်။
စဉ့်ကိုင်မြို့နယ် ညောင်ဝန်းကုန်းရွာ စဉ့်ကိုင်ဘူတာမြောက်ဘက်တွင် သြဂုတ် ၂၉ ရက်က ရထားတိုက်ခံရပြီး လူတစ်ဦး သေဆုံးဖြစ်ပွားခဲ့သောကြောင့် နံနက် ၉ နာရီ ၃၅ မိနစ်တွင် မြို့မရဲစခန်း (စဉ့်ကိုင်) မှ စခန်းမှူး ဒုရဲမှူးစိုးလွင်နှင့်အဖွဲ့က စစ်ဆေးခဲ့ရာ သေဆုံးသူသည် ညောင်ဝန်းကုန်းရွာနေသူ မျိုးသိန်း (၄၅ နှစ်) ယာဉ်မောင်း ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန်ရထားလမ်း မိုင်တိုင်အမှတ် ၃၆၉/ ၄-၅ ကြား သံလမ်းနံဘေးတွင် အပေါ့သွားစဉ် အမှတ် (၂) အစုန် စာပို့ရထားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်သွားတာက နံနက် ၉ နာရီ ၁၅ မိနစ်မှာပါ။ အပေါ့သွားတဲ့အချိန်မှာ လေဟပ်ပြီးရထားက စုပ်ရာကနေ ရထားတိုက်ခံရတာပါ။ ဖြစ်ပွားတဲ့အချိန်မှာ သေဆုံးတဲ့သူ တစ်ယောက်တည်းပဲရှိတယ်။ သူက ဦးနှောက်သိပ်မကောင်းဘူး။ အရက်လည်း သောက်တယ်။ အရက်များပြီး ကြောင်တာလည်းပါတယ်။ ရွာမှာနေတဲ့သူတွေက သံလမ်းကနေဖြတ်ပြီး ရွာပြန်ရတဲ့နေရာပါ” ဟု စခန်းမှူး ဒုရဲမှူးစိုးလွင်က ပြောကြားသည်။
ရထားတိုက်မှုကြောင့် ဦးခေါင်းနောက် စေ့၊ လည်ပင်း ပေါက်ပြဲဒဏ်ရာများရရှိကာ စဉ့်ကိုင်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့မရဲစခန်း (စဉ့် ကိုင်) မှ သေမှုသေခင်းအမှတ်စဉ် (၁၀/ ၂၀၁၇) ဖြင့် ကနဦးရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။