ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့မရဲစခန်း အချုပ်ခန်းမှ ထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် နှစ်ဦးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားခံနှစ်ဦးကို မော်လမြိုင်ကျွန်းမြို့နယ် အတွင်း၌ပင် သြဂုတ် ၂၇ ရက်၊ နံနက်အစောပိုင်းတွင် တစ်ဦး၊ မွန်းလွဲပိုင်းတွင် တစ်ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ပြောကြားသည်။
“မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်အုပ်စု၊ သဲဖြူရွာမှာမိတာက ကြည်စိုး။ သူက ရာဇသတ်ကြီးပုဒ်မ ၃၇၉ ခိုးမှုကပေါ့။ ငွေသဇင်(၂)၊ ရှောက်ချောင်းအုပ်စုမှာတော့ တရားခံပြေး သန်းထွန်းကို မိပါတယ်။ သန်းထွန်းကတော့ တစ်လင်တစ်မယားဥပဒေပုဒ်မ (၁၃) အရ အရေးယူထားတာ။ အခု သူတို့ကို မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။
အချုပ်သားများ ထွက်ပြေးမှုနှင့်ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ တာဝန်မှူးနှင့် ကင်းမှူးတစ်ဦး၊ ကင်းသားခြောက်ဦးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားပြီး ၎င်းတို့အနက်မှ ကင်းမှူးတစ်ဦးနှင့် ကင်းသား ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဦးဆောင်၍ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးတို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူတို့ကို စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။