အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် လူသားချင်း စာနာမှု ကင်းမဲ့စွာဖြင့် မောင်တောဒေသအတွင်းရှိ ကျေးရွာများ၊ ကင်းစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အပြစ်မဲ့ ပြည်သူများအား မီးရှို့ခြင်း၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို သြဂုတ် ၂၆ ရက်နေ့ တစ်နေ့လုံးနီးပါး ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နုယ်မြေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။
သြဂုတ် ၂၆ ရက် နံနက် ၆ နာရီတွင် မောင်တောမြို့နယ်၊ နယ်မြေ ၄ ကျွန်းပေါက်ပြုစုချောင်း၀ ကင်းစခန်းတွင် ကျောက်ချောင်းကင်းစခန်းမှ လာရောက်ပူးပေါင်းလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထန်းချောင်းချောင်း၀ ကင်းစခန်းသို့ ရိက္ခာများသယ်ယူ၍ ပြန်လာစဉ် နံနက် ၉ နာရီမိနစ် ၂၀ တွင် နယ်စပ်ခြံစည်းရိုးအနီး ကိုက် (၇၀) ခန့်အကွာ ဓနိတောအစပ်မှနေ၍ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတိုက်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက် ရှင်းလင်းခဲ့ပြီး ကျွန်းပေါက်ပြုစုချောင်း၀ ကင်းစခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက်ပြုစုအုပ်စု၊ ဖက်လိပ်ပြင်ကျေးရွာ၊ ဇီးပင်ချောင်းမြောက်ရွာများဘက်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၃၀၀ ဦးခန့်က ကင်းစခန်းအနီးကိုက် ၅၀၀ ခန့်အကွာအထိ ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနားမကပ်နိုင်အောင် ပစ်ခတ်တားဆီးခဲ့ရသည်။ တပ်မတော်ရေမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျွန်းပေါက်ပြုစုချောင်း၀ ကင်းစခန်းသို့ လာရောက်ပူးပေါင်းပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား လက်နက်ငယ်များဖြင့် ကူညီပစ်ခတ် ရှင်းလင်းခဲ့မှုကြောင့် အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ် ၂၆ ရက် နံနက် ၉ နာရီခွဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၄ မိုင်သို့ သွားရောက်ခဲ့ရာ နွားရုံတောင်ရွာ အလွန်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား ဆွဲမိုင်းဖောက်ခွဲခဲ့သဖြင့် ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရပြီး နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် မောင်တောမြို့နယ် နယ်မြေ ၄ ကျွန်းပေါက်ပြုစုချောင်းဝ ကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား ၃၀၀ ခန့်မှ တုတ်၊ ဓား၊ လက်နက်များဖြင့် ဝိုင်းဝန်းပိတ်ဆို့ ထားသဖြင့် မောင်တောမြို့ POE အဝင်အထွက်ဂိတ်မှ တပ်မတော်ရေယာဉ်စုမှ ငါးမန်းတိုက်ရေယာဉ်ဖြင့် ကူညီပေးရန် သွားရောက်ခဲ့ကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့နယ်၊ နယ်မြေ ၂၊ ရန်ကာစေတီကျေးရွာမှ (ဒိုင်းနက်) တိုင်းရင်းသား ၂၀ ဦးခန့်သည် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်းနေထိုင်ရန် ထွက်ခွာလာရာ ဆာလေကျေးရွာအုပ်စု၊ ကြောင်ဒိုးကျေးရွာအဝင် တံတားအနီး အရောက်တွင် ကြောင်ဒိုးကျေးရွာမှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား ၁၀၀ ဦးခန့်က တုတ်၊ ဓား ကိုယ်စီဖြင့် ဝင်ရောက်ထိုးခုတ် ရိုက်နှက်ခဲ့ရာ ဦးမောင်ဘစိန် (၂၈) နှစ် တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်ကျေးရွာသားများမှာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။ ထို ကျန်သူများမှာ သေသည်/ရှင်သည် မသိရကြောင်းကို ထွက်ပြေးလွတ်မြောက်လာသည့် ဦးမောင်ဘစိန်က အောင်သပြေနယ်မြေရုံးသို့ လာရောက် သတင်းပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မောင်တောမြို့နယ် နယ်မြေ ၆ ဇင်ပိုင်ညာကျေးရွာလမ်းဆုံနှင့် အနီးတဝိုက်တွင် ယနေ့ (သြဂုတ်လ ၂၆ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်မှ ညနေ ၄ နာရီ ၄၂ မိနစ် အချိန်အထိ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁၇ လုံး ပေါက်ကွဲခဲ့ပြီး ညနေ ၄ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီ ၅၅ မိနစ်အထိ ကျောက်လှေကားကျေးရွာတွင် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထို့ပြင် ညနေ ၅ နာရီ မိနစ် ၂၀ တွင် နတ်ချောင်းကင်းစခန်းနေရာအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့သည်။ ညနေ ၅ နာရီတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၇ ဦးခန့်သည် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အထက်တန်းကျောင်းတွင် ရောက်ရှိနေသည့် နံ့သာတောင် ပရဟိတ ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူ ၃၇၀ ဦးခန့် အားလာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် ဘင်္ဂါလီများသည် ပြန်လည်ဆုတ်ခွာသွားပြီး အကြမ်းဖက် ဘင်္ဂါလီ အလောင်း ၂ လောင်း ရရှိခဲ့သည်။ တစ်ချိန်တည်းတွင် အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဋ္ဌာနချုပ် ကုန်း (၄) ကင်းအနီး ဝါးပိတ်ရွာပျက်တွင် မျက်နှာဖုံးစွပ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၄ ဦး တွေ့ရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရသည်။ ညနေ ၅ နာရီ ၃၃ မိနစ်တွင် ဇင်ပိုင်ညာကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ညနေ ၅ နာရီ ၃၅ မိနစ်တွင် ဇင်ပိုင်ညာရဲကင်းစခန်းအနီး ပတ်လည်တွင် မိုင်းများထောင်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရသည်။ ဆက်လက်ပြီး ညနေ ၅ နာရီ ၄၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဇင်ပိုင်ညာကျေးရွာရှိ ယင်းတို့၏ နေအိမ်များအား မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ဇင်ပိုင်ညာကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ရဲကင်းစခန်းများအား ဝိုင်းဝန်းတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သဖြင့် ညနေ ၆ နာရီ ၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ်လ ၂၆ ရက် ညနေ ၆ နာရီ ၁၇ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဂေါ်ဒူသာရစခန်းအား ဝိုင်းဝန်း၍ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရသည်။ ည ၇ နာရီ ၁၅ မိနစ်တွင် ပြသာဒ်ကင်းစခန်းအနီးတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ည ၇ နာရီ ၁၆ မိနစ်တွင် ယာယီစွန့်ခွာထားသော ဝက်ကျိန်းကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့သည်။ အဆိုပါ အချိန်တွင် လောင်းဒုံကျေးရွာနှင့် ကြိမ်ချောင်းကျေးရွာကြား ကားလမ်းမတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မောင်တောမြို့နယ်၊ ကွမ်းသီးပင်အုပ်စု၊ နံ့သာတောင်ကျေးရွာရှိ အိမ်ခြေ (၄၂)လုံး၊ ဈေးဆိုင်ခန်း (၁၃) ခန်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတို့အား ယနေ့ (သြဂုတ်လ ၂၆ ရက်) ည ၇ နာရီခွဲတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဝိုင်းဝန်း မီးရှို့ခဲ့ကြသဖြင့် မီးလောင် ဆုံးရှုံးခဲ့သဖြင့် ၎င်းကျေးရွာရှိ တိုင်းရင်းသား မိသားစုဝင်များမှာ တောင်ပြိုလက်ဝဲ အထက်တန်းကျောင်း၌ ရောက်ရှိ ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် ည ၈ နာရီ ၂၅ မိနစ်တွင် ပြင်ဖြူစခန်းနှင့် ကိုက် ၅၀ ခန့်အကွာ ကျောက်လှေကားရွာတွင် လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။ ည ၈ နာရီ ၃၃ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးခန့် တွေ့ရှိသဖြင့် လိုက်လံရှင်းလင်းရာ ၎င်းတို့နေထိုင်သည့် နေအိမ် ၅ လုံးအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ည ၈ နာရီ ၄၅ မိနစ်တွင် ဂေါ်လီဒူလာရွာအနီး လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် သြဂုတ်လ ၂၆ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဂေါ်ဒူသာရကျေးရွာဘက်မှ ပျဉ်ဖြူနယ်မြေရုံး ခြံစည်းရိုးအနီးသို့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ချဉ်းကပ်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထားဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများ တွင်ကျယ်စွာ အသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာတွင် တုတ်၊ ဓါး၊ သေနတ်လက်နက်များ ကိုင်ဆောင်ထားသော လူအုပ်စုဖြင့် ဒေသခံ တိုင်းရင်းသားများ အနည်းစု နေထိုင်ရာ နေရာများကို ဝိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူ အစ္စလာမ် ဘာသာတူများကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဘက်ထရီဖြင့် ရှော့ခ်တိုက်ပစ်ခတ်သည့် ဗုံးပစ်လောင်ချာကဲ့သို့သော လက်နက်များ အသုံးပြုကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာ ထွက်ရှိချိန်၊ ကုလသမဂ္ဂ အစည်းအဝေးများ ကျင်းပတော့မည့် အချိန်တို့နှင့် အချိန်ကိုက်ဆောင်ရွက်ရာတွင် သြဂုတ် ၂၅ ရက် (သောကြာနေ့)ကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယခုအခါ အကြမ်းဖက်တိုက်ဖျက်မှု ဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက် အားပေး ထောက်ခံမှုများ၊ ပံ့ပိုး ကူညီသူများသည်လည်း အကြမ်းဖက် အားပေးအဖြစ် အကျုံးဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။