ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးမြေဧက သိန်းနှင့်ချီရှိနေပြီး အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစေ့များဖြန့်ဝေရန် စီစဉ်ဆောင်ရွက်နေ

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးမြေဧက သိန်းနှင့်ချီရှိနေပြီး အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစေ့များဖြန့်ဝေရန် စီစဉ်ဆောင်ရွက်နေ
Published 29 July 2018

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေနစ်မြုပ်ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင်  လက်ရှိရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးမြေဧက သိန်းနှင့်ချီရှိနေ ပြီး အဆိုပါလယ်မြေများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

“ဘတ်ဂျက်ကနေ စပါးမျိုးတွေဝယ်စုတာတွေ ရှိပါတယ်။ ဒေသအလိုက်ပေါ့နော်၊ ထုတ်ပေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်တုန်းကတော့ မျိုးစေ့တင်းပေါင်း ၅၀၀၀၀ လောက် ရှိတယ်လို့သိရပါတယ်။ အခုတချို့ပေးတဲ့ဟာတွေလည်း ပေးနေပြီ။ ဆိုတော့ အဲဒီလောက် တော့ မကျန်တော့ဘူးထင်တယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။

ဓာတ်မြေသြဇာသွင်းအားစုများ ပံ့ပိုးပေးသွားရန် အစီအစဉ်ရှိသော်လည်း အားလုံးအတွက်ပေးရန် ခက်ခဲကြောင်း၊ လက်ရှိတွင် သီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအနက် နှမ်းစိုက်တောင်သူများကို ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စပါးမျိုးများကိုမူ လက်ရှိရေကြီးမှုများ ဖြစ်ပေါ်နေသည့် မွန်ပြည်နယ်နှင့်ပဲခူးတိုင်း ဒေသကြီးအတွင်းရှိတောင်သူများကို ဦးစားပေး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“ပဲခူးအရှေ့ခြမ်းနဲ့ မွန်ပြည်နယ်ရေကြီးမှုအတွက် သက်တမ်းတိုမျိုးစပါးများပြင်ဆင်ထားဖို့ လိုမယ်လို့မြင်မိပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၄) ဒေါက်တာမျိုးအောင်ကျော်က ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

'မနှစ်က ရေကြီးမှုဖြစ်တာက များသောအားဖြင့် စပါးရိတ်ခါနီးလောက်မှ ဖြစ်တာများတယ်။ အဲဒီလိုတောင်သူတွေကျ  စပါးပြန်စိုက်လို့က အဆင်မပြေတော့ဘူး၊ သူတို့တခြားပဲတို့ ဘာတို့ပြောင်းစိုက်နိုင်တယ်လေ။ ဒီနှစ်ကတော့ မိုးတောက်လျှောက်ရွာနေပေမယ့် ပြန် စိုက်ဖို့က အချိန်မီတယ်။ အဲဒီတော့ စပါးမျိုးက မနှစ်ကထက်တော့ ပိုပေးရလိမ့်မယ်ထင်ပါတယ်။ ဒါက ခန့်မှန်းထားတာပေါ့နော်” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆိုသည်။

ရေကြီးမှုများကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုအနေဖြင့် ဇူလိုင် ၂၀ရက်အထိ ရရှိသော စာရင်းများအရ ဧကတစ်သိန်းကျော် ရှိနေကြောင်း၊ သို့သော်လည်း အချို့ လယ်ယာမြေများမှာ ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ဒေသအချို့တွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းနှင့် ပင်လယ်ဒီရေထောက်ခြင်းတို့ ကြောင့် တစ်နိုင်ငံလုံး စိုက်ပျိုးပြီး မိုးသီးနှံဧက ၁၄ သန်းကျော်အနက် ဇူလိုင် ၂၈ ရက်အထိ ဧက ငါးသိန်းကျော်ရေကြီးနစ်မြုပ်ခဲ့ကာ  သီးနှံ ၈၉၉၄၉ ဧကပျက်စီးခဲ့ကြောင်းနှင့် ပြန်လည် အစားထိုးစိုက်ပျိုးလျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်သူလယ်သမားများ၏  ရေကြီး နစ်မြုပ်ပျက်စီးသွားသော မိုးစပါးလယ်မြေများကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent