စီရော်နယ်လ်ဒို၏နေရာတွင် ဟာရီကိန်းဖြင့် အစားထိုးရန် ရီးယဲလ်မက်ဒရစ်ပရိသတ်များ ဆန္ဒရှိ

စီရော်နယ်လ်ဒို၏နေရာတွင် ဟာရီကိန်းဖြင့် အစားထိုးရန် ရီးယဲလ်မက်ဒရစ်ပရိသတ်များ ဆန္ဒရှိ
Published 28 July 2018

စပိန်နာမည်ကြီးသတင်းစာ Marca က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို၏နေရာတွင် အစားထိုးလိုသောကစားသမားအား ရီးယဲလ်မက်ဒရစ်ပရိသတ်များထံ ဆန္ဒပြုရွေးချယ်စေခဲ့ရာ
စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက (၂၄)ရာခိုင်နှုန်းဖြင့် မဲအများဆုံးရရှိခဲ့ကြောင်း သိရသည်။

ယင်းရွေးချယ်မှုတွင် ကစားသမား(၉)ဦးကိုထည့်သွင်းထားပြီး ပရိသတ်များက မိမိနှစ်သက်သည့်ကစားသမားကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်ပရိသတ်များသည် ဟာရီကိန်း၏နောက်တွင် PSG အသင်းတိုက်စစ်မှူး ကာဗာနီနှင့် အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီတို့ကို ဒုတိယအများဆုံးအဖြစ် (၁၄)ရာခိုင်နှှုန်းစီ ရွေးချယ်ခဲ့ကြပြီး လိုင်ယွန်အသင်း တိုက်စစ်မှူး ဒီယက်ဇ် နှင့် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးတို့မှာ (၁၂)ရာခိုင်နှှုန်းစီဖြင့် အသီးသီး ရွေးချယ်ခဲ့ကြကြောင်း သိရသည်။.

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းမှ ရီးယဲလ်အသင်းသို့ ၂၀၀၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့အတွင်း ရောက်ရှိလာပြီးနောက် တစ်ရာသီပျှမ်းမျှ ဂိုး(၅၀)သွင်းယူနိုင်ခဲ့ကာ ၎င်းကဲ့သို့ အသင်းကိုအကျိုးပြုနိုင်မည့် ကစားသမားသစ်တစ်ဦး ရှာဖွေရန်စီစဉ်နေသော်လည်း လက်ရှိအချိန်ထိ ခေါ်ယူနိုင်မရှိသေးပေ။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားခဲ့သည့် (၉)ရာသီအတွင်း ပြိုင်ပွဲစုံ (၄၃၈)ပွဲတွင် ဂိုး(၄၅၀) အထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

 

လက်ရှိအချိန်တွင် စီရော်နယ်လ်ဒို၏နေရာအစားထိုးရန် ရေပန်းစားနေသည့် ကစားသမားတစ်ဦးဖြစ်သူ ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားသူဖြစ်သည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး (၆)ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့သလို၊ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်ရောက်ရှိခဲ့ရာတွင်လည်း အဓိကစွမ်းဆောင်နိုင်ခဲ့သည်။

Most Read

Most Recent