မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗန်းမော်မြို့အထွက်တွင် လမ်းရေကျော်နစ်မြုပ်ကာ မန္တလေး-ဗန်းမော် လမ်းပိတ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗန်းမော်မြို့အထွက်တွင် လမ်းရေကျော်နစ်မြုပ်ကာ မန္တလေး-ဗန်းမော် လမ်းပိတ်
Published 28 July 2018

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် မန်စီမြို့နယ်အကြား ဗန်းမော်မြို့အထွက်ရှိ ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းတောင်ကျရေကြောင့် ရေကျော်နစ်မြုပ်မှုဖြစ်ပွားပြီး ခရီးသွားလာရေးလမ်းကြောင်း ပိတ်ဆို့မှု ဇူလိုင် ၂၇ ရက် မနက်ပိုင်းက  ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီကျော်ခန့်က တောင်ကျရေ ရုတ်တရက် စီးဆင်းများပြား လာခဲ့ပြီး ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအနီး၊ ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းပေါ်တွင် အလျားပေ၂၀၀၀ခန့်၊ ရေအမြင့် လေးပေကျော်ခန့် ရေကျော်ကာလမ်းပိတ်ခဲ့ရခြင်း ဖြစ်သည်။  လမ်းမပေါ်ရေကျော်နေမှုကြောင့် ဗန်းမော်-မန္တလေး မော်တော်ယာဉ်များ၊ ဗန်းမော်မြို့မှ မန်စီမြို့သို့ သွားမည့် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ခြင်းမရှိဘဲ လမ်းပိတ်ခဲ့ရသည်။

ရေကျော်သည့်နေရာသို့  လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးဌာနမှ တာရှိသူများ၊ တပ်မတော်အရာရှိများ သွားရောက်ခဲ့ပြီး ရေစီးအားသန်ချိန်တွင် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမရှိစေရေးနှင့် ရေစီးအား လျော့နည်းချိန်တွင် ဘေးအန္တရာယ်ကင်းရှင်း စွာဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့သည်။

ဗန်းမော်မြို့မှ ကားဂိတ်မှူး တစ်ဦးက “မနေ့နှင့်ဒီနေ့ မိုးရွာလွန်းတော့ ဗန်းမော်အထွက်မှာ ရေကျော်တာ။ ဗန်းမော်-မန်စီကြား မန္တလေးဘက်ထွက်တဲ့လမ်းပေါ့။ သက်ဆိုင်ရာက အန္တရာယ်ဖြစ်မှာကြောင်း မကူးခိုင်းတော့ဘူး။ ဗန်းမော်-လွယ်ဂျာလမ်းပိုင်းမှာလည်း ၁၃ မိုင်၊၁၄ မိုင်တွေမှာ တောင်တွေ ပြိုနေတယ်။၂၈ မိုင်မှာ တံတားတစ်စင်း ရေစားပြီး စောင်းနေတယ်။ လမ်းဌာနက ထင်တယ်။ လုပ်နေကြတယ်။ မြစ်ကြီးနားဘက်ကတော့ မြေပြို တာတွေ ကြားပေမယ့် ပြန်လာတဲ့ ကားဆရာ တွေ မရောက်သေးဘူး။ ဖုန်းလည်း လိုင်းမကောင်းဘူး” ဟု ပြောကြားသည်။

ဗန်းမော်မြို့တွင် ဇူလိုင် ၂၇ ရက် တိုင်းထွာချက်အရ မိုးရေချိန်လက်မ ၁ဒသမ ၇၅ လက်မရှိကြောင်း သိရသည်။

မိုးရွာသွန်းမှုမှာ တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မုန်တိုင်း အရှိန်နှင့် မုတ်သုန်လေတို့ကြောင့် ကချင် ပြည်နယ်တွင် နေရာ ကွက်ကျား မိုးကြီးနေကြောင်း၊ နောက်ရက်များတွင်လည်း မိုးရွာသွန်းမှုများ ပုံမှန်ဖြစ်နေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက် ပိုင်းတွင် ပုံမှန်မိုးရွာသွန်းမှုကြောင့် ဧရာဝတီ မြစ်ရေမှာ ပုံမှန်အနေအထားသာ ရှိမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဌာနက သိရသည်။

Most Read

Most Recent