မိုးသည်းထန်စွာရွာသွန်းသဖြင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ တောင်တက်လမ်းများ တောင်ကျရေအရှိန်ဖြင့် စီးဆင်းသောကြောင့် လမ်းပိတ်ဆို့ခြင်းနှင့် ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်

မိုးသည်းထန်စွာရွာသွန်းသဖြင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ တောင်တက်လမ်းများ တောင်ကျရေအရှိန်ဖြင့် စီးဆင်းသောကြောင့် လမ်းပိတ်ဆို့ခြင်းနှင့် ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်
Published 28 July 2018

ဖရူဆိုမြို့နယ်ရှိ တောင်တက်လမ်းများ တောင်ကျရေအရှိန်ဖြင့် စီးဆင်းနေစဉ်

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စုအတွင်းရှိ တောင်တက်လမ်းများမှာ မိုးများစွာရွာသွန်းသဖြင့် တောင်ကျရေ အရှိန်ဖြင့်စီးဆင်းသောကြောင့်  လမ်းပိတ်ဆို့ခြင်း၊ ကမ်းပါးများပြိုခြင်းများကြောင့် စိုးရိမ်နေကြရကြောင်း ခရီးသွားများထံမှသိရ သည်။

“၂၆ ရက်မှာ သမီးတို့ လွိုင်ကော်ပြန်ဆင်းလာတာ။ မိုးကဆက်တိုက်ရွာနေပေမယ့် ရွာမှာက စားစရိတ်ပြတ်သွားလို့ မဆင်းမဖြစ် ဆင်းရတာ။ ကြောက်တော့ကြောက်တာပေါ့။ ရေနဲ့မျောသွားမလားလို့လေ။  တောင်ကျရေက ကြောက်စရာ တအားကောင်းအောင်ဆင်းလာတာ။ လမ်းတွေလည်း မြေတွေပြိုကျနေတာကော” ဟု ဟိုယာကျေးရွာ မူလတန်းကျောင်းမှ ဆရာမ နော်ကူးမြာအယ်ဝါးကပြောကြားသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ပေါ် ကျေးရွာများသည် မိုးတွင်းအချိန်ရောက်သည့်အခါတိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်ကို ကြုံနေကြရပြီး  ဌာနေတိုင်းရင်းသား ကယား၊ ကယန်း၊ စသည့်တိုင်းရင်းသားများသာနေထိုင်ကြပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြကြောင်းသိရသည်။

“ရွာကျောင်းမှာ လာသင်ပေးတဲ့ ဆရာမလေးတွေရှိတယ်လေ။ မိုးတွင်းဆိုကလေးတွေနဲ့ ဆရာမလေးတွေ အေးလွန်းလို့ မီးဖိုပြီး စာသင်ရတယ်။ မိုးတအားရွာရင် ကလေးတွေကို ကျောင်းမလွှတ်တော့ဘူး ဆရာမလေးတွေကို အားနာတယ်လေ။ ဆရာမလေးတွေက တစ်လတစ်ခါ မြို့ပေါ်တက်ပြီး အစာတွေ ဝယ်ပြန်တယ်လေ။ တောင်ကျရေဆင်းတဲ့ချိန်ဆို ဆရာမလေးတို့ မျောသွားမလားစိုးရိမ်ရတယ်။ တစ်ရက် နှစ်ရက်နေ သူတို့ပြန်လာမှ စိတ်မပူရတော့ဘူး” ဟု ဟိုယာကျေးရွာနေ ဦးခရစ်စတိုဖာက ပြောကြားသည်။

ကယားပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်း၍ တောင်ကျရေများအရှိန်ဖြင့်စီးဆင်းပါက လမ်းပျက်စီးခြင်း၊ မြေကမ်းပါးနံရံများပြိုကျခြင်းများကြောင့် လူသေဆုံးမှုများ၊ လယ်ကွင်းများ ရွှံ့နွံဖုံးလွှမ်း ပျက်စီးမှုများ နှစ်စဉ် ဖြစ်ပေါ်သော်လည်း အစိုးရမှ ထောက်ပံ့ကြေး လုံလောက်စွာပေးနိုင်ခြင်း မရှိကြောင်း အရပ်ဘက်အဖွဲ့များထံမှ သိရသည်။

ကယားပြည်နယ်ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီခန်တွင် တောင်ပေါ်ရွာ (၁၅) ရပ်ကွက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက် (၅၁) မှ စွန့်ပစ်မြေစာပုံ အလုပ်သမားတဲပေါ်ပြိုကျသဖြင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စုတွင်းရှိလယ်မြေများမှာ ဇွန် ၁၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လမ်းကမ်းပါးမှ မြေစာပုံများ လယ်ကွင်းများသို့ ပြိုကျသဖြင့် စိုက်ပျိုးစ စပါးဧက ၅၀၀ ခန့်ပျက်စီးခဲ့ကြောင်း အွန်လောင်းချောင်းထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများကျဆင်းခြင်းနှင့် မြေပြိုမှုများကြောင့် ဒန်တိုကျေးရွာနေ အမျိုးသမီးငယ်တစ်ဦး ချောင်းရေနှင့်မျောပါပြီးသေဆုံးသွားခဲ့ကြောင်း ဇွန် ၁၃ ရက်တွင် ဒီးမော့ဆို မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

 

Most Read

Most Recent