စိုးရိမ်ရေမှတ်ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် စံချိန်တင်မြစ်ရေမြင့်တက်မှုအထိ ဖြစ်ပွားနိုင်

စိုးရိမ်ရေမှတ်ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် စံချိန်တင်မြစ်ရေမြင့်တက်မှုအထိ ဖြစ်ပွားနိုင်
Published 28 July 2018

စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် စံချိန်တင်မြစ်ရေမြင့်တက်မှုအထိ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

“မြစ်ရေတွေက ထက်ပြီးတော့တက်ဦးမယ်။ တချို့နေရာတွေဆို စံချိန်တင်သွားမဲ့ အနေအထားရှိတယ်။ မြစ်ရေတို့ဘာတို့ကတော့ တက်လာတဲ့အချိန်မှာ ထုတ်ပြန်တယ်။ လောလောဆယ် ၂၀၀ လောက်တော့ရှိတယ်။ ပဲခူးမြစ်ရယ်၊ စစ်တောင်းမြစ်ရယ်က စံချိန်တင် မြစ်ရေကြီးသွားတာဖြစ်နိုင်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အထက်ပိုင်းဒေသများတွင် မိုးနည်းပါနေပြီး ကမ်းရိုးတန်းဒေသများတွင် မိုးများနေကြောင်း၊ အထက်ပိုင်းဒေသများ၏ မိုးရွာသွန်းမှုသည် ဇူလိုင်၏ ပျမ်းမျှ မိုးရွာသွန်းမှုအောက်တွင်သာရှိကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“အခုမြစ်ရေကြီးတာက အောက်ပိုင်းဒေသတွေမှာပဲ ဖြစ်တာများတယ်။ အထက်ပိုင်းမှာ ချင်းတွင်းမြစ်က ပြီးခဲ့တဲ့ရက်ပိုင်းက ကျပြီးတော့ အခုပြန်တက်နေတယ်။ ဇူလိုင် တစ်လလုံး မိုးရေချိန်မှာလည်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးတို့ကတော့ ပုံမှန်မိုးရေချိန်ကို မရောက်သေးဘူး။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၇ ရက် မြစ်ရေအခြေအနေထုတ်ပြန်ချက်တွင် စစ်တောင်းမြစ် မွန်လွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ငါးပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်တက်လာ နိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ သံလွင်မြစ် စိုးရိမ်ရေသည်  ဘားအံမြို့တွင် လေးပေခွဲခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် နှစ်ရက်အတွင်း တစ်ပေခန့် ဆက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် တစ်ရက်အတွင်း တစ်ပေခန့် ဆက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် နှစ်ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အ ထက်သို့ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးဇလမှ အကြံပြုထားသည်။

ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတစ်ဝန်း ဆည်၊ တမံ ၃၆ ခုရှိ ရေပိုလွှဲမှ ရေကျော်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါဆည်တမံများသည် ကရင်ပြည်နယ်ရှိ ရေဘုတ်ရေလှောင်တမံ၊ ချင်းပြည်နယ်ရှိ လိုင်ဗားရေလှောင်တမံ၊ သီကိရ်ရေလှောင်တမံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မဟာနန္ဒကန်၊ မြောက်ယမားရေလှောင်တမံနှင့် ရာဇဂြိုလ် ရေလှောင်တမံ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် မင်းရဲရေလှောင်တမံနှင့် ငမြွေရေလှောင်တမံ၊ ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် တောင်နဝင်းရေထိန်းတမံ၊ ဝဲကြီးရေလှောင်တမံ၊ ခဝါရေလှောင်တမံ၊ တောင်ညိုရေလှောင်တမံ၊ သဲကောရေလှောင်တမံနှင့် ညောင်ကိုင်း ရေလှောင်တမံ၊ မကွေးတိုင်းဒေသကြီးတွင် မုန်းချောင်းရေလှောင်တမံ၊ မန်းချောင်းရေလှောင် တမံ၊ မဒေးရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ၊ မွန်ပြည်နယ်တွင် ဝါးပါးရေလှောင်တမံ၊ ရခိုင်ပြည်ယ်တွင် ပြိုင်းချောင်းရေလှောင်တမံ၊ ကြိုးကြာကွင်းရေလှောင်တမံ၊ ရဟိုင်းကွင်းရေလှောင်တမံ၊ ဇီးဖြူုကုန်း ရေလှောင်တမံ၊ ငပလီရေလှောင်တမံ၊ မင်းသားချောင်းရေလှောင်တမံ၊ ဂရင်ဂျိုင်ရေလှောင်တမံ၊ ကြက်တက်ရေလှောင်တမံနှင့် ခမီကြိမ်ချောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဘန့်ဘွေးကုန်းရေလှောင်တမံနှင့် ဇာမဏီ အင်းရေလှောင်တမံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကွန်းချောင်းရေလှောင်တမံ၊ မမြရေလှောင်တမံ၊ နန်ကသူရေလှောင်တမံနှင့် ကညင်ရေ လှောင်တမံတို့ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent