ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 မှ ဆိုက်ရောက်ထွက်ခွာရန် ပြောင်းရွှေ့လိုက်ခြင်းကြောင့် လေဆိပ်ဝင်ပေါက်၌ ခရီးသည်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 မှ ဆိုက်ရောက်ထွက်ခွာရန် ပြောင်းရွှေ့လိုက်ခြင်းကြောင့် လေဆိပ်ဝင်ပေါက်၌ ခရီးသည်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရ
Published 28 July 2018

ရန်ကုန်လေဆိပ်အတွင်း ဝင်ရောက်ရန် လေဆိပ်ဝင်ပေါက်၌ တန်းစီစောင့်ဆိုင်းနေသည့် ခရီးသည်များအား ဇူလိုင် ၂၇ ရက် နံနက်က တွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ  ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 မှ ဆိုက်ရောက်ထွက်ခွာရန် ပြောင်းရွှေ့လိုက်ခြင်းကြောင့် လေဆိပ်ဝင်ပေါက်၌ ခရီးသည်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၂၇ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 2 မှ  ပြည်ပ လေကြောင်းလိုင်း ၁၁ ခုကို Terminal 1 မှ ဆိုက်ရောက်ထွက်ခွာရန် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။ ယင်းသို့ လေကြောင်းလိုင်းများ ပြောင်းရွှေ့ခြင်းနှင့်အတူ ဇူလိုင် ၂၇ ရက်သည် ဝါဆိုလပြည့်နေ့ အားလပ်ရက်ဖြစ်ခြင်းကြောင့် ခရီးသွားများပြားခဲ့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်၌ ခရီးသည် ထူထပ်မှု စံချိန်တင်များပြားခဲ့သည်။

ယင်းကဲ့သို့  ဇူလိုင် ၂၇ ရက် နံနက်က ရန်ကုန်လေဆိပ်ဝင်ပေါက်တွင် ခရီးသည်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် Yangon Aerodrome Comany Ltd (YACL) မှ လေဆိပ်ဝန်ထမ်းအင်အားကို ထပ်မံဖြည့်ဆည်းထားရှိပြီး လုံခြုံရေးစစ်ဆေးမှု (Screening)  ဖြတ်သန်းရန် လမ်းကြောင်း လေးခုကိုလည်း ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ထပ်မံတိုးချဲ့ပေးခဲ့ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

ထွက်ခွာခရီးသည်များအနေဖြင့်  Terminal 1 သို့သွားရောက်ရာတွင်  ဂိတ်အမှတ် (၃) တွင် လုံခြုံရေးစစ်ဆေးမှု (Screening) ဖြတ်သန်းရန် ဝင်ပေါက်လမ်းကြောင်း နှစ်ကြောင်းဖြင့် Check in  ကောင်တာ  A နှင့် B သို့  သွားရောက်နိုင်ရန်လည်းကောင်း၊  ဂိတ်အ မှတ်(၄)တွင် လုံခြုံရေးစစ်ဆေးမှု (Screening) ဖြတ်သန်းရန် ဝင်ပေါက်လမ်းကြောင်း နှစ်ကြောင်းဖြင့် Check in  ကောင်တာ  C နှင့် F သို့  သွားရောက်နိုင်ရန် လမ်းကြောင်းသစ် နှစ်ခု ထပ်မံတိုးချဲ့ပေးခဲ့ကြောင်း ဇူလိုင် ၂၇ ရက်ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် Terminal 1 ရှိ ခရီးသည်ဆိုက်ရောက်ရာနေရာသို့ သွားရောက်ရာတွင် ဂိတ် အမှတ်(၇)တွင် လုံခြုံရေးစစ်ဆေးမှု (Screening)  ဖြတ်သန်းရန် ဝင်ပေါက် လမ်းကြောင်း တစ်ကြောင်း ထပ်မံတိုးချဲ့ပေးထားကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် Yangon Aerodrome Comany Ltd (YACL)  မှ  ယင်းသို့ ထပ်မံဖြည့်တင်းထားသော အစီအစဉ်များဖြင့် ဇူလိုင် ၂၇ ရက်တွင် ကြုံတွေ့ခဲ့ရသော ရန်ကုန်လေဆိပ်၌ ခရီးသည် များ ကြန့်ကြာခဲ့မှုများကိုဖြေရှင်းရန် စီစဉ်ထားပြီး ခရီးသည်များ ကြုံတွေ့ခဲ့ရသည့် အဆင်မပြေ မှုများအတွက် အနူးအညွတ်တောင်းပန်ပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြင့်တင်ရေးစီမံကိန်းဖြစ်သည့် လေဆိပ်အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်း ချိတ်ဆက်တည်ဆောက်ရာတွင်  Terminal 2 ရှိ ပြည်ပလေကြောင်းလိုင်းများအားလုံးကို Terminal 1 သို့ အဆင့်ဆင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် Terminal 1 နှင့် 2 အား ချိတ်ဆက်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းအား အပြီးသတ်နိုင်ရန်မှာ Terminal 2 ရှိ လေဆိပ်ရုံးခန်းများ၊ လေကြောင်းလိုင်းများ  အား ခေတ္တပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်ခြင်းကြောင်း သိရသည်။

 

 

Most Read

Most Recent