စက်မှုဝန်ကြီးဌာနမှ လူနာတင်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းခွဲခြား၍ ရောင်းချမည်

စက်မှုဝန်ကြီးဌာနမှ လူနာတင်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းခွဲခြား၍ ရောင်းချမည်
Published 28 July 2018

စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းမှ တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းများအား သုံးစွဲသူလိုအပ်ချက် နှင့်အညီ ဝယ်ယူလိုသူများအား အသင့်လျော်ဆုံး ညှိနှိုင်းထုတ်လုပ်ရောင်းချပေးမည်ဖြစ်ကြောင်း အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၁၅)အကြီးစားစက်ရုံမှ အထွေထွေမန်နေဂျာ စက်ရုံမှူးဦးကျော်ငြိမ်းက ပြောကြားသည်။

“အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ ကျွန်တော်တို့ စက်ရုံကနေ တပ်ဆင်တဲ့လူနာတင်ယာဉ် ၅၅ စီးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုတော့ တပ်ဆင်လွှဲပြောင်းပြီးပြီ။ ဆက်လက်ပြီးတော့ စက်ရုံအနေနဲ့ ပုဂ္ဂလိကအမှာစာ ရရှိလာရင် လူနာတင်ယာဉ်တွေကို အမှာပေးပို့တဲ့ စက်ရုံတွေရဲ့လိုအပ်ချက်အတိုင်း ပြောင်းလဲပြီးတော့ လူနာတင်ယာဉ်အဖြစ် ထုတ်လုပ်ပေးသွားမယ်။ ဈေးနှုန်းရဲ့ကွာခြားချက်ကတော့ အသုံးပြုမယ့်ကားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိတယ်။ Toyota Higace ကို အသုံးပြုမယ်ဆိုရင် ဈေးတစ်မျိုး၊ Nissan ကို အသုံးပြုမယ်ဆိုရင် ဈေးတစ်မျိုး ဖြစ်မယ်။ ဒီထက်သက်သာတဲ့ တရုတ်က ကားကို အသုံးပြုမယ်ဆိုရင် တရုတ်နိုင်ငံထုတ်ကားကို ပြောင်းလဲ အသုံးပြုလို့ရပါတယ်။ အဆင့်မြင့်တဲ့ ဖို့စ်တို့၊ မာစီရီးတို့ကိုလည်း ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ပါတယ်” ဟု ဦးကျော်ငြိမ်းက ပြောကြားသည်။

တစ်နှစ်လျှင် လူနာတင်ယာဉ်အစီးရေ ထုတ်လုပ်မည့် သတ်မှတ်ချက်မရှိကြောင်းနှင့် ဝယ်ယူလိုသည့်အရေအတွက်ပေါ်မူတည်၍ ထုတ်လုပ်ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားသည့် ၅၅ စီး သာရှိသေးကြောင်း သိရသည်။

Most Read

Most Recent