မီးပြတ်နေသည်ထင်ပြီး ဓာတ်ကြိုးအား ကိုင်မိရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွား

မီးပြတ်နေသည်ထင်ပြီး ဓာတ်ကြိုးအား ကိုင်မိရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွား
Published 26 July 2018

မင်္ဂလာဒုံမြို့နယ်တွင် မီးပြတ်နေသည် ထင်ပြီး လျှပ်စစ်ဓာတ်ကြိုးအား ကိုင်မိရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် တပ်မြို့ စည်ပင်လိုင်းခန်းမှ အမျိုးသားတစ်ဦးသည် ဇူလိုင် ၂၄ ရက် ည ၉ နာရီခန့်က ဓာတ်လိုက် သေဆုံးပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ရောက်ရှိလာကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဓာတ်လိုက် သေဆုံးသည့် အမျိုးသားမှာ ယင်းလိုင်းခန်းတွင် နေထိုင်သည့် ဆိုင်ကယ်ကယ်ရီ မောင်းသူ ကို..... (၃၈ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများမှ ဆက်လက် စစ်ဆေးရာ ၎င်းသည် ဓာတ်တိုင်မှ ၎င်းနေထိုင်ရာ လိုင်းခန်းသို့ သွယ်တန်းထားသည့် နှစ်ပင်လိမ် လျှပ်စစ်မီးကြိုးကို ဓာတ်အား ပြတ်တောက်နေသည်ဟု ထင်ကာ လက်ဖြင့် သွားဆွဲစဉ် ဓာတ်လိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်လိုက်ခဲ့သဖြင့် ကို....(၃၈ နှစ်) မှာ လက်ဝါးတွင် မီးလောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်လိုက် သေဆုံးမှုဖြစ်စဉ်ကို မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent