အစိုးရအား ကန့်ကွက်ကြောင်း မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့်အတူ ဆန္ဒထုတ်ဖော်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ကိုကျော်မျိုးရွှေအား ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် အမိန့်ချ

အစိုးရအား ကန့်ကွက်ကြောင်း မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့်အတူ ဆန္ဒထုတ်ဖော်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ကိုကျော်မျိုးရွှေအား ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် အမိန့်ချ
Published 26 July 2018

ပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် စွဲဆိုထားသော ကိုကျော်မျိုးရွှေအား ဇူလိုင် ၂၅ ရက်က အမိန့်ချမှတ်အပြီး တွေ့ရစဉ်

အစိုးရအား ကန့်ကွက်ကြောင်း မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့်အတူ ဆန္ဒထုတ်ဖော်သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် စွဲဆိုထားသော ကိုကျော်မျိုးရွှေအား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံစေရန် ဇူလိုင် ၂၅ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုထားမှုကို အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်ခြောက်လ ချမှတ်ခဲ့တယ်။ ဒီအမှုမှာ အချိန် ၁၁ လ ကြာမြင့်ခဲ့ပြီး ရုံးချိန်းပေါင်း ၄၄ ချိန်း ရှိခဲ့ပါတယ်။ တရားစီရင်မှုမှာ လွတ်လွတ်လပ်လပ် တရားစီရင်ခွင့် အခြေအနေ ရှိပါတယ်။ တရားလိုနဲ့ တရားပြတွေ စစ်ဆေးချက်တွေ၊ ထွက်ဆိုချက်တွေ၊ နှစ်ဖက် သက်သေထွက်ဆိုချက်တွေ၊ တင်ပြချက်တွေအပေါ်မှာ မူတည်ပြီး သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ အမိန့်ချမှတ်ခဲ့တာပါ”ဟု အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

ဦးကျော်မျိုးရွှေနှင့်အတူ တရားစွဲဆို ခံခဲ့ရသည့် မန္တလေး အမျိုးသားရေး လှုပ်ရှားသည့် သံဃာတော်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ထိုအမိန့်ချမှတ်ချိန်တွင် ကိုကျော်မျိုးရွှေ အမှုမှာ တရားလို သက်သေများကိုသာ စစ်ဆေးဆဲဖြစ်သည်။

ကိုကျော်မျိုးရွှေမှာ ၎င်းအား အချုပ်လွတ် ထုချေခွင့်အာမခံကို အထက်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ လက်မခံဘဲ ပယ်ချခဲ့သောကြောင့် မူလမြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်ရောက်မှသာ စစ်ဆေးခဲ့ရပြီး ယင်းအမှုမှာ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဘုရားကြီး အနောက်ဘက်မုခ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီး နှစ်ဦးအား ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်မှ စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သပိတ်စခန်း ဦးဆောင်သံဃာ ရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်း မရှိသေး) အား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုပြုလုပ် စွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ် ငါးဦးကိုလည်း  မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အသီးသီး စွဲဆိုထားခြင်း ဖြစ်သည်။

သပိတ်စခန်း ဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ  (၃၅ နှစ်၊ ၁၄ဝါ၊ သာသနာဝင် အမှတ် ၉/ မထလ (သ) ၀၀၂၇၅၃၊ မိတ္ထီလာမြို့နယ် မဘသ အတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့) ဦးဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင် အမှတ် ၉/ခမခ(သ)၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင် အမှတ် ၉/ညဥန(သ)၀၀၁၂၁၈ (မည်သည့်အဖွဲ့ဝင်မှ မဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ(သ)၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊  နှမ်းကြဲကျေးရွာ၊ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိ ဖမ်းဆီးမခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး)(၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ)၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ(သ)၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ ဖြစ်သည်။

Most Read

Most Recent