မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ဆင်းလာသဖြင့် မောင်တောမြို့မြောက်ပိုင်း သစ်တုံနားခွဆုံကျေးရွာသစ်ရှိ နေအိမ်များ ရေဝင်နစ်မြုပ်နေပြီး အိမ်ထောင်စု ၃၀ ကျော်ကို ကုန်းမြင့်နေအိမ်များသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။
“ရေက နန်းရာကိုင်းဘက်က ဆင်းလာတဲ့ တောင်ကျရေက ရွာထဲကိုဝင်လာပြီး အနိမ့်ပိုင်းက နေအိမ်တွေရေဝင်ပြီး ရေနစ်နေတာပါ။ အိမ်တွေထဲမှာကို ရေကရင်လောက် ရောက်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ ဆန်တွေလည်းဆုံးရှုံးသွားပါတယ်။ ရေနစ်နေတဲ့ အိမ်တွေက အိမ်ထောင်စု ၃၂ စုက လူတွေကိုတော့ ကုန်းမြင့်က နေအိမ်တွေကိုပြောင်း ရွှေ့ထားပြီး သူတို့စားဖို့ဆန်ကို တခြားအိမ်တွေက ဝေငှစားသောက်နေရပါတယ်။လမ်းတွေကလည်း ပျက်နေတော့ သွားဖို့လာ ဖို့အဆင်မပြေပါ” ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ဆိုသည်။
အဆိုပါ သစ်တုံးနားခွဆုံကျေးရွာသည် UEHRD အစီအစဉ်ဖြင့် မောင်တောမြောက်ပိုင်း သွားလာရခက်ခဲသည့် မြိုတိုင်းရင်းသား ကျေးရွာများကို စုပေါင်းကာ တည်ဆောက်ထားသည့် ကျေးရွာသစ်ဖြစ်ကြောင်း သိရသည်။
သစ်တုံးနားခွဆုံကျေးရွာသစ်တွင် မျောက်ခေါင်းတောင်ကျေးရွာမှ အိမ်ထောင်စု ၂၀၊ လူဦးရေ ၁၀၄ဦး၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇၊ လူဦးရေ ၁၆၉ ဦး၊ ပန်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇၊ လူဦး ရေ ၂၂၈ ဦးနှင့် အင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၁၁၊ လူဦးရေ ၇၀ ဦးတို့ နေထိုင်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် အိမ်ထောင်စု ၃၅ စုလည်း ယာယီတဲအိမ်များဖြင့် နေထိုင်နေကြောင်း သိရသည်။















