ကောင်းမှုတော်စေတီ ရွှေဆေးသင်္ကန်းမှ အမေရိကန်ဒေါ်လာငါးသောင်း တန်ဖိုးရှိ အီတလီနိုင်ငံထုတ် အဆင့်မြင့် အဖြူရောင် ဆေးသင်္ကန်း ကပ်လှူပူဇော် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်က ကောင်းမှုတော် စေတီဂေါပကအဖွဲ့ထံမှ သိရသည်။
ကောင်းမှုတော်စေတီ ထုံးသင်္ကန်း ကပ်လှူနိုင်ရေးအတွက် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ကောင်းမှုတော်စေတီသို့ သီတဂူဆရာတော်ကြီး ကြွရောက်လာခဲ့ပြီး ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ အဟောင်း၊ ကောင်းမှုတော်စေတီ ဂေါပကအသစ်နှင့် ပညာရှင်များ အဖွဲ့အား သြဝါဒပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး လုပ်သွားမှာပါ။ ဆရာတော်ကြီးက ရွှေဆေးတွေကို ခွာတဲ့နေရာမှာ ဓာတုဆေးတွေမသုံးဘဲ စက်နဲ့ခွာဖို့၊ အင်္ဂတေတွေ မကောင်းရင် ပြန်လုပ်ဖို့၊ ညောင်ရမ်းခေတ်ပုံစံ မတူတဲ့ ရုပ်ပွားတော်တွေကို ညောင်ရမ်းခေတ်ပုံစံတူ ပြန်လုပ်ဖို့၊ သာလွန်မင်းကြီးအတွက် ညောင်ရမ်းခေတ် ရုပ်ပွားတော်တစ်ဆူ သီတဂူဆရာတော်ကြီးက လှူသွားဖို့ မိန့်ကြားခဲ့ပါတယ်။ ဒေါ်လာ ၅၀၀၀၀ တန်ဖိုးရှိတဲ့ အီတလီနိုင်ငံထုတ် အဖြူ ရောင်ဆေးကို အသုံးပြုသွားမှာပါ။ တန်ဆောင်တိုင်ဘုရားပွဲပြီးမှာ လုပ်ငန်းတွေ စသွားမှာပါ။ အချိန်ခြောက်လလောက် ကြာနိုင်ပါတယ်။ စုစုပေါင်း ကျပ်သိန်းသုံးထောင်ကျော် ကုန်ကျမယ်လို့ မှန်းထားပါတယ်” ဟု ကောင်းမူတော် စေတီဂေါပက ဦးတင်မျိုးလွင်က ပြောကြားသည်။
ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေး ပြောင်းလဲကပ်လှူ ပူဇော်ခြင်းလုပ်ငန်းအား ပညာရှင်များနှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ် ကောင်းမှုတော် သီတင်းကျွတ်၊ တန်ဆောင်မုန်း ဘုရားပွဲများပြီးမှသာ ငြမ်းပုခက် ၁ဝခုဆင်ကာ ရွှေဆေးခွာခြင်း၊ အဖြူရောင်ဆေးကပ်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဖြူရောင်ဆေးသင်္ကန်းသည် သက်တမ်း ၁၀ နှစ်ခန့် ခံနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
၂၀၁၈ ဇွန်လအတွင်း ကောင်းမှုတော် စေတီရွှေဆေးသင်္ကန်းမှ မူလထုံးသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေး အတွက် စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့၊ စစ်ကိုင်းမြို့ပေါ်ရှိ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအသင်းဖွဲ့များ၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ ဆွမ်းတော်ကြီးဝတ် အသင်းများ စုစုပေါင်း အဖွဲ့အစည်း ၆၀ ကျော်အစည်းဝေး ပြုလုပ်ခဲ့ကာ ဆန္ဒပြုလက်မှတ်များအား စစ်ကိုင်းမြို့နယ်အတွင်း ကောက်ခံခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကောင်းမှုတော်စေတီ ထုံးသင်္ကန်းပြန်လည် ကပ်လှူနိုင်ရေးအတွက် ပညာရှင်များနှင့် ဆောင်ရွက်သွားရန် ယခုနှစ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကောင်းမှုတော်စေတီအား မူလထုံးသင်္ကန်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ထုံးသင်္ကန်းအားခွာပြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရာ၌ အလှူငွေ သိန်း ၇၀၀၀ ကျော်ရရှိခဲ့ပြီး ရွှေဆေးကပ်လှူရာတွင် ကျပ်သိန်း ၃၅၀၀ ကုန်ကျခဲ့ကာ ကျန် ကျပ်သိန်း ၃၅၀၀ အား ဘဏ်၌အပ်နှံထားကြောင်းနှင့် လက်ရှိကောင်းမှုတော်စေတီ စုစုပေါင်းဘဏ္ဍာငွေ သိန်းကိုးထောင်ကျော် ရှိကြောင်း ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ ထံမှ သိရသည်။
စစ်ကိုင်းမြို့နှင့် ခြောက်မိုင်အကွာရှိ ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီကြီးအား မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် ဒုတိယ အင်းဝ (ညောင်ရမ်း) ခေတ်တွင် သာလွန်မင်းတရားကြီးက သီရိလင်္ကာမှ မဟာထူပါရုံစေတီ ပုံတော်အတိုင်း ရယူ၍ မြတ်စွာဘုရားရှင်၏ လက်ဝဲဘက်အောက် စွယ်တော်နှင့် ဓာတ်တော် မွေတော် အစုံတို့ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး လက်ရှိစေတီတော်ကြီး၏ ဉာဏ်တော်မှာ ၁၀၁ တောင်၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိပြီး အုပ်ချပ်ရေပေါင်း ၁၀ သန်းခန့်ဖြင့် တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။






