ဦးကိုနီ လုပ်ကြံခံရမှုနှင့်စပ်လျဉ်း၍ တရားစွဲခံထားရသည့် ဇေယျာဖြိုးက ၎င်းကိုစွဲဆိုထားသည့်အမှုများအား တရားရုံးတစ်ခုတည်းတွင်ပေါင်း၍ စစ်ဆေးပေးနိုင်ရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်တင်ရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် မေ ၁၇ ရက်က ကျမ်းကျိန်ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ဇေယျာဖြိုးမှာ မြောက်ပိုင်းခရိုင်တရားရုံး၌ စွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အပြင် ၎င်းထံမှ မှတ်ပုံတင်များ သိမ်းစည်းရမိမှုကြောင့် တာမွေမြို့နယ်တရားရုံးနှင့် ဗဟန်းမြို့နယ် တရားရုံးတို့တွင်လည်း လဝကအက်ဥပဒေဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။
“ဒီနေ့မှာ ဘာလုပ်သလဲဆိုရင် ကိုဇေယျာဖြိုးကနေပြီးတော့ သူ့ကို တရားစွဲထားတာရှိတယ်။ လဝကအက်ဥပဒေနဲ့။ ဒါတွေအားလုံးကို ရုံးထုတ်တဲ့အခါ တစ်ရက်စီထွက်နေရတယ်။ တစ်ရက်စီထွက်နေရပြီး တစ်နေရာဆီမှာ သွားနေရတယ်။ သူ့အနေနဲ့ ဆန္ဒရှိတာက တစ်နေရာထဲမှာ မြောက်ပိုင်းခရိုင်ဆို မြောက်ပိုင်းခရိုင်ပေါ့။ ရုံးထုတ်ရတာ လွယ်အောင် ပြောင်းရွှေ့ပြီးတော့ တစ်ရုံးတည်းမှာပဲ တပေါင်းတည်း စစ်ဆေးပေးပါဆိုပြီး လျှောက်တာ။ လျှောက်တော့ စာချွန်တော်မှာက အမှုအမျိုးအစား အများကြီးရှိတယ်။ အဲဒီအများကြီးထဲမှာမှ သူတို့အနေနဲ့ ဘာနဲ့လျှောက်သင့်တယ်လို့ ထင်တဲ့ဟာကို လျှောက်တယ်။ လျှောက်တဲ့အခါ စာချွန်တော်မှာက သတ်မှတ်ထားတဲ့ ဥပဒေမှာကိုက စာချွန်တော်လျှောက်ထားတဲ့ အကြောင်းအရာ မိမိတာဝန်ခံတဲ့အကြောင်းအရာကို ကတိသစ္စာပြုကျမ်းကျိန်ပြီးမှ လျှောက်ထားခွင့်ရှိတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ကျမ်းကျိန်ဖို့အတွက် သူကအချုပ်သားတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် ရုံးကို တရားဝင်ခွင့်ပြုချက်တောင်းတာ။ တောင်းတဲ့အပေါ်မှာ တရားရုံးကနေ ဥပဒေပါအခွင့်အရေး၊ ဥပဒေပါ လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ခွင့်ပြုပေးတာ ဒါပဲလုပ်တာ။ ဒါက သူ့ရဲ့တောင်းဆိုမှုပေါ့။ တရားလွှတ်တော်ချုပ်ကနေ ခွင့်ပြုသင့်လား မသင့်လားဆိုတာ သူ့ရဲ့ပေါ်ပေါက်ချက်ကို လေ့လာမယ်လေ” ဟု စွပ်စွဲခံရသူများဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောကြားသည်။
ယင်းနေ့တွင် အမှုမှ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်ခဲ့သော်လည်း အမှုတွဲမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသဖြင့် အမှုကိုမစစ်ဆေးဖြစ်ဘဲ မေ ၃၁ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့သည်။
ထို့ပြင် အောင်ဝင်းဇော်က ၎င်းနှင့်ပတ်သက်၍ ပစ္စည်းသက်သေ လူသက်သေမတွေ့ရဘဲ မင်္ဂလာဒုံလေယာဉ်ကွင်းသို့ ရောက်ခဲ့မှုကြောင့် အကြောင်းမဲ့အမှုတွင် ပါနေရကြောင်း တရားရုံးမှပြန်အထွက်တွင် မီဒီယာများသို့ ပြောကြားသည်။
“အခုအမှုဖြစ်တယ်ဆိုတာ ပစ္စည်းသက်သေ လူသက်သေဆိုတာရှိတယ်။ လူသက်သေက ကျွန်တော့်ကို မမိဘူး။ နောက်ပစ္စည်းသက်သေ သေနတ်မှာရော ဒီအန်အေတစ်ခုမှ မတွေ့ရဘူး။ လက်ဗွေရာမတွေ့ရဘူး။ နောက် CCTV မှာ ကျွန်တော်ညွှန်ကြားတာတွေ ခိုင်းစေတာတွေ ဘာမှလည်းမပါဘူး။ မင်္ဂလာဒုံလေယာဉ်ကွင်းရောက်တာနဲ့ ကျွန်တော်က ဒီအမှုထဲ ဘလိုင်းကြီးပါနေရတယ်” ဟု အောင်ဝင်းဇော်က ပြောကြားသည်။