မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ ဆူးလေဆိပ်ကမ်းအား တန်ချိန်သုံးသောင်းဆံ့ နိုင်ငံတကာသင်္ဘောကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်ရန် အဆင့်မြှင့်တင်လျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်၌ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့နိုင်ခဲ့သည့်အနက် ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ခုနစ်သိန်းခန့် ကိုင်တွယ်နိုင်ခဲ့ပြီး၊ အခြားဆိပ်ကမ်းများမှ ကွန်တိန်နာဖြင့် ဆန်တန်ချိန် တစ်သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် လေးသန်းကျော် တင်ပို့ရန် ခန့်မှန်းထားသဖြင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရန် သောင်တူးခြင်း၊ ရေကြောင်း အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ရေလမ်းကြောင်း ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခင်က ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောအလျား ၁၆၇ မီတာအရှည်နှင့် တန်ချိန် ၁၅၀၀၀၊ ၂၀၀၀၀ ခန့်ရှိ သင်္ဘောများသာ ဝင်ထွက်ဆိုက်ကပ်နိုင်ခဲ့ရာမှ လက်ရှိတွင် အလျား ၁၉၀ မီတာ၊ တန်ချိန်သုံးသောင်းခန့်ရှိ သင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်က သင်္ဘောအလျား ၁၉၀ မီတာရှိတဲ့ သင်္ဘောတွေအပါအဝင် ဆန်သင်္ဘောအစင်း ၃၀ ခန့် ဝင်ထွက် ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဆူးလေဆိပ်ကမ်းက ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့အတွက် သွားလာရေးလွယ်ကူပြီး ကုန်ကျစရိတ် သက်သာနိုင်အောင် အဆင့်မြှင့်တင် ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာအတွင်း ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတားငါးခုဖြစ်သည့် အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတားနှင့် သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများသည် လက်ရှိတွင် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်၍ ကုန်စည်ကိုင်တွယ်မှုများ ဆောင်ရွက်နေပြီး ကုန်းတွင်းပိုင်း ဆိပ်ကမ်းများအနက် အေးရှားဝေါလ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့သည် အဓိကကုန်သေတ္တာ ဆိပ်ကမ်းများအဖြစ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။
ယင်းပြင် သီလဝါဆိပ်ကမ်း ဧရိယာတွင်လည်း ဆိပ်ကမ်းသစ်များ တိုးချဲ့တည်ဆောက်လျက်ရှိပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် ၂၅ နှင့် ၂၆ ပေါ်တွင် ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက မြေကွက်အမှတ် ၂၂၊ ၂၃ နှင့် ၂၄ တို့တွင် ဆိပ်ကမ်းသစ်များအား ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။