မြန်မာ-အိန္ဒိယနယ်စပ် လေရှီးမြို့နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး တက္ကသိုလ်ဝင်တန်းတက်မည့် ကျောင်းသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

မြန်မာ-အိန္ဒိယနယ်စပ် လေရှီးမြို့နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး တက္ကသိုလ်ဝင်တန်းတက်မည့် ကျောင်းသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 6 May 2018

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် မြန်မာ-အိန္ဒိယနယ်စပ် လေရှီးမြို့နယ် မိုလ်နွေးကျေးရွာတွင် မေ ၄ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့သည့်အတွက် အဆိုပါဖြစ်စဉ်သည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဆိုသည်ကို အမြန်ဆုံးဖော်ထုတ်ပေးရန် ကူကီးလူငယ်ကွန်ရက်က မေ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုသည်။

ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၁၁ နာရီအချိန်တွင် မိုလ်နွေးကျေးရွာအစွန်နှင့် ကိုက် ၁၀၀ ကျော်အကွာရှိ ထောက်ကြံ့ပင်အခေါင်းထဲတွင် အမည်မသိအဖွဲ့အစည်းများ ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည့်အတွက် တမူးမြို့ အထက (၂) မှ တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် မောင်ဆေးမင်လင်မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် မောင်ဆေးဂိုလင်မှာ လက်မောင်းတစ်ဖက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လောလောဆယ်မှာ တိုက်ပွဲတွေကတော့ မရှိပါဘူး။ ဒါပေမဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာတော့ ကသည်းလက်နက်ကိုင်တွေ အများဆုံးနေထိုင်တယ်။ တစ်ခါတလေကျရင် နာဂလက်နက်ကိုင်တွေလည်း ရောက်တတ်တယ်။ တစ်ခါတလေကျရင် ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေလည်း ရောက်တတ်တဲ့နယ်မြေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလက်နက်ကိုင်အဖွဲ့တွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့လား၊ ဘာအတွက်လဲ သေချာမသိပေမယ့် လက်ပူးလက်ကြပ် မမိတာတစ်ခုပဲရှိတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေပဲ ဗုံးတွေဘာတွေ ထောင်တယ်ဆိုတာတော့ သေချာတယ်” ဟု ကူကီး လူငယ်ကွန်ရက်မှ ဦးထန်ခိုဆေးက ပြောကြားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကျေးရွာများတွင် ထိုကဲ့သို့သော ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ကို မသိရှိရဘဲ အမှုမှန် ပျောက်ဆုံးသွားလေ့ရှိသည်ကို ဝမ်းနည်းစွာ တွေ့နေရသည်ဟု ကူကီးလူငယ်ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းသည် မည်သူ့လက်ချက်ဖြစ်သည်ကို အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မောင်ဆေးမင်လင်နှင့် ဒဏ်ရာရရှိသော မောင်ဆေးဂိုလင်တို့အတွက် နစ်နာကြေးများနှင့် ဆေးကုသစရိတ်များအား သက်ဆိုင်ရာအာဏာပိုင်များက အမြန်ဆုံးထောက်ပံ့ပေးရန် ကူကီးလူငယ်ကွန်ရက်က ကြေညာချက်တွင် တောင်းဆိုထားသည်။

Most Read

Most Recent