သံတောင်ကြီးမြို့ ‘နော်ဘူဘော’ ဆုတောင်းတောင်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်လာ

သံတောင်ကြီးမြို့ ‘နော်ဘူဘော’ ဆုတောင်းတောင်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်လာ
Published 20 March 2018

သံတောင်ကြီးမြို့ နော်ဘူဘော ဆုတောင်းတောင်သို့ လာရောက် လည်ပတ်သူများအား မတ် ၁၇ ရက် နံနက်က တွေ့ရစဉ်

ကရင်ပြည်နယ် သံတောင်ကြီးဒေသ “နော်ဘူဘော” ဆုတောင်းတောင်သို့ ယခုနှစ်အတွင်း၌ နိုင်ငံခြားသား ခရီးသွားများ အပါအဝင် ပြည်တွင်းခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယခင်က သံတောင်ကြီးဒေသသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုကို ကန့်သတ်မှုရှိသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ဝင်ရောက်ခွင့်ပြုကာ သံတောင်ကြီးမြို့၌ ညအိပ်တည်းခိုခွင့်ရရန် ဟိုတယ်နှင့် ခရီးသွားလာရေးမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ပြည်တွင်းခရီးသွား ဧည့်သည်များအား နော်ဘူဘော ဆုတောင်းတောင်ပေါ်၌ပင် ညအိပ်တည်းခိုနိုင်ရန် ဆောင်ရွက်ထားပြီး တည်းခိုခမှာ လူတစ်ယောက်လျှင် တစ်ညအိပ် ကျပ် ၁၅၀၀ သာ ယူထားကြောင်းလည်း သိရသည်။

နော်ဘူဘော ဆုတောင်းတောင် အတွင်းရေးမှူး ဦးစံလှက “အခုချိန်မှာလည်း နိုင်ငံခြားသားတွေ တော်တော်များများ ဝင်ရောက်လာတယ်။ တချို့တွေကျတော့ ဒီအပေါ်မှာတော့ တည်းခိုခွင့်တော့ ခွင့်ပြုမိန့်မရဘူး။ သူတို့တွေက သံတောင်ကြီးမြို့ အတွင်းမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဘက်ကနေ ကိုင်တွယ်တော့ သူတို့ အဲဒီမှာပဲ တည်းလို့ရတယ်။ ပြည်တွင်းဧည့်သည်တွေကျတော့ ဒီအပေါ်မှာ တည်းခိုလို့ရတယ်။ အခကြေးငွေကို ကျွန်တော်တို့က များများစားစား မတောင်းဘဲနဲ့ ဝန်ဆောင်ခပေါ့လေ။ သဘောက ထမင်းတစ်နပ်ကို  ၂၀၀၀ တောင်းပါတယ်။ ကုန်ကျစရိတ် ရှိတာကိုး။ ပြီးတော့ အိပ်တာကျတော့ တစ်ညကို ၁၅၀၀ ပဲတောင်းပါတယ်။ ဒါက တစ်ယောက်ကိုလေ။ အခုကတော့ လူတအားများတော့ ကြိုတင်ပြီးတော့ ဘွတ်ကင်ယူထားမှရတယ်။ မယူထားလို့ရှိရင် ဗြုန်းခနဲလာပြီးတော့ အိပ်ချင်တယ် ဆိုလို့ရှိရင်တော့ နေရာရှာပေးဖို့က တော်တော်လေး ခဲယဉ်းတယ်။ အခုချိန်မှာကတော့ လူဦးရေက တော်တော်ကြီးကို တိုးတက်ပြီးတော့ များပြားလာတယ်” ဟု ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆုတောင်းတောင်အား “နော်ဘူဘော” တောင်ဟု အမည်ခေါ်ခြင်းမှာ ဒဏ္ဍာရီပုံပြင်ထဲမှ ကရင်တိုင်းရင်းသူ မင်းသမီးလေး နော်ဘူဘော၏ အမည်အား အစွဲပြု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ နော်ဘူဘောတောင်သို့ တက်ရောက်ရန် လှေကားထစ်ပေါင်း  ၃၇၄ ထစ်ဖြင့် တက်ရကြောင်း၊ လှေကားထစ်များ အနီး၌ ဆုတောင်းခန်းငယ်ငယ်များ တည်ဆောက်ထားပြီး လူမျိုးဘာသာမရွေး ဆုတောင်း၍ရကြောင်း၊ တောင်ထိပ်ပေါ်၌ ဒဏ္ဍာရီပုံပြင်ထဲပါသည့် ကရင်တိုင်းရင်းသူ “နော်ဘူဘော” နှင့်သက်ဆိုင်သော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ နော်ဘူဘောအား တရားစီရင်ခဲ့သည့် နေရာများ၊ နော်ဘူဘောရေချိုးဆိပ် နေရာများကို လေ့လာကြည့်ရှုနိုင်ကြောင်း၊ နော်ဘူဘောတောင်မှာ သံတောင်ကြီးဒေသတွင် အမြင့်ဆုံးတောင် တစ်ခုဖြစ်သောကြောင့် ပတ်ဝန်းကျင်တောတောင် သဘာဝရှုခင်းများအား အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သော ဆုတောင်းတောင် ဖြစ်သည့်အပြင် နယ်မြေအေးချမ်းမှုရှိလာ၍ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တချို့တွေကျတော့ ပြောပါတယ်။ ရောဂါလေးတွေတောင် ပျောက်နေသလို ခံစားရတာပေါ့လေ။ ဒီတောင်ပေါ်မှာလာပြီး ဘုရားရှိခိုးတဲ့အခါမှာ တချို့တွေကျတော့လည်း ဆုတောင်းပေါ့လေ။ ဘာသာအသီးသီးက ဆုတောင်းပြီးတော့ သူတို့တွေတောင်းတဲ့ဆုက သူတို့ကိုယ်တိုင် ပြန်ပြီးတော့ ဝမ်းသာစေတယ်။ ဝမ်းမြောက်စေတဲ့ အကြောင်းကို ကျွန်တော်တို့ကြားတယ်လေ။ အဲဒီအတွက်ကြောင့် သူတို့တွေ တော်တော်လာပါတယ်။ ဒီတောင်ဟာ အများဆုံးက ခရစ်ယာန်ဘာသာတွေလည်း မဟုတ်ဘူး။ ဘာသာအသီးသီးက လာပြီးတော့ ဆုတောင်းကြပါတယ်” ဟု ဦးစံလှက ဆက်လက်ရှင်းပြသည်။

ရန်ကုန်မြို့မှ လာရောက်လည်ပတ်သော မဧပရယ်က “အခုလည်း အလုပ်နားနေတာနဲ့ဆိုတော့ ညီမက ဒီကိုလာတာ။ အလည်လာတဲ့ အခါကျတော့ ပျော်တော့ပျော်ပါတယ်။ ပျော်လို့ ဒုတိယအခေါက် ထပ်လာတာပေါ့နော်။ မရောက်ဘူးတဲ့သူလည်း ပါတာနဲ့ ဒုတိယအခေါက်ထပ်လာတာ။ တောင်တက်ရတာ မောတော့မောတယ်။ ဒါပေမဲ့ ဒီကရှုခင်းတွေ သဘာဝလေကောင်း လေသန့်တွေကိုရှူရတဲ့အတွက် အမောပြေပါတယ်။ လာရကျိုးလည်း နပ်ပါတယ်” ဟု ပြောကြားသည်။

“နော်ဘူဘော” ဆုတောင်းတောင်မှာ တောင်စခန်းမြို့ဟု တင်စားခေါ်ဝေါ်ကြသော ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ တောင်တန်းများအနက် အမြင့်ဆုံးတောင်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေအမြင့်တွင် တည်ရှိကြောင်း၊ တောင်နံရံပတ်လည်ရှိ သစ်ပင်များမှာ နှစ်ပေါင်းကြာမြင့်သော်လည်း ထပ်မံကြီးထွားခြင်း မရှိသော သစ်ပင်များ ပေါက်ရောက်ပြီး ထူးခြားသော ဆုတောင်းတောင် တစ်ခုဖြစ်ကြောင်း၊ နော်ဘူဘော ဆုတောင်းတောင်သို့ သွားမည်ဆိုပါက တောင်ငူမြို့မှ သံတောင်ကြီးမြို့သို့ ၂၈ မိုင်ခန့်သွားရပြီး ၁၃ မိုင်မှစတင်၍ ၂၈ မိုင်အထိ တောင်တက်လမ်းချည်း သွားရကြောင်း၊ သံတောင်ကြီးမြို့မှ နော်ဘူဘောတောင်သို့ လေးမိုင်ထပ်တက်ရပြီး တောင်ခြေတွင် ကားရပ်နားကွင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent