ယာယီပိတ်ထားသည့် နာမည်ကျော် ကျုံထော်ရေတံခွန်ခရီးစဉ် ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သော်လည်း လာရောက် လည်ပတ်သူနည်းနေ

ယာယီပိတ်ထားသည့် နာမည်ကျော် ကျုံထော်ရေတံခွန်ခရီးစဉ် ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သော်လည်း လာရောက် လည်ပတ်သူနည်းနေ
Published 3 March 2018

၂၀၁၆ ခုနှစ် မေ၂၁ ရက်မှ စတင်ကာ ယာယီပိတ်သိမ်းထားသည့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ နာမည်ကျော် ကျုံထော်ရေတံခွန် ခရီးစဉ်ကို မတ် ၁ ရက် တပေါင်းလပြည့်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်သော်လည်း လာရောက်လည်ပတ်သူ နည်းပါးနေသေးကြောင်း မြိုင်ကြီးငူဒေသခံ ဦးစောလင်းကြည်က ပြောကြားသည်။

“ကျုံထော်ရေတံခွန်ခရီးလမ်းကို ပြန်လည်ဖွင့်လှစ်ပေးထားတာ ပြည်တွင်းခရီးသည်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးတာလည်း ပါမယ်ထင်ပါတယ်။ ကျုံထော်ဒေသဘက်မှာ နယ်မြေတည်ငြိမ် အေးချမ်းနေပါပြီ။ ဆရာတော်ဦးစီးပြီး ဖောက်လုပ်ချဲ့ထွင်ထားတဲ့ လမ်းပိုင်းအနေအထားကလည်း အဆင့်မြင့်မြင့် တည်ဆောက်ထားတာမို့ သွားလာဖို့ အရမ်းကောင်းမွန်ပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ခရီးသွားသူတွေ ကျွန်တော်တို့ ကရင်ပြည်နယ် ကျုံထော်ရေတံခွန်ကို လာရောက် အပန်းဖြေလို့ရပါပြီ” ဟု ဦးစောလင်းကြည်က ဆက်လက်ပြောကြားသည်။

နာမည်ကျော် ကျုံထော်ရေတံခွန် ခရီးစဉ်အား လွန်ခဲ့သည့်၂၀၁၆ ခုနှစ် မေ ၂၁ ရက်မှ စတင်ကာ လမ်းပိုင်းတစ်လျှောက် ချဲ့ထွင်ပြုပြင်ရန်အတွက် ယာယီပိတ်သိမ်းခဲ့ပြီး ကျုံထော်ရေတံခွန်သို့သွားရာ လမ်းကြောင်းအတွင်း တောင်ကုန်းတောင်စောင်းများကို ဖွဲ့ထွင်ကာ လမ်းအကျယ်ချဲ့ထွင်ပြီး ကတ္တရာခင်းခြင်း လုပ်ငန်းများကို မြိုင်ကြီးငူဒေသခံများက ပြုပြင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ကျုံထော်ရေတံခွန်သို့ သွားလာရာတွင် ဘားအံမြို့မှတစ်ဆင့် ၂၇ မိုင် ၄ ဖာလုံကွာဝေးသည့် ရွှေဂွန်းကျေးရွာသို့ လည်းကောင်း၊ ရွှေဂွန်းကျေးရွာမှ ၁၃ မိုင်ကွာဝေးသည့် မြိုင်ကြီးငူအထူးဒေသသို့ လည်းကောင်း၊ မြိုင်ကြီးငူ အထူးဒေသမှ ၃၄ မိုင်ကွာဝေးသည့် ကျုံထော်ရေတံခွန်သို့ အဆင့်ဆင့် သွားလာရကြောင်း သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် ကျုံထော်ရေတံခွန်သည် တစ်နှစ်ပတ်လုံး ရေခန်းခြောက်မှု မရှိခြင်း၊ သဘာ၀ တောတောင်များ မပျက်မယွင်း တည်ရှိခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်တွင်းခရီးသွား ဧည့်သည်များအကြား လူသိများ ထင်ရှားလာခဲ့ကာ ပျမ်းမျှတစ်နေ့လျှင် ခရီးသွား ဧည့်သည် ၂၀၀ ကျော်ခန့်နှင့် စနေ၊ တနင်္ဂနွေနှင့် ရက်ရှည်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၁၀၀၀ ကျော် လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။

 

Most Read

Most Recent