မိတ္ထီလာမြို့နယ် မွေကျေးရွာတွင် သမက်က ယောက္ခမအား တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွား

မိတ္ထီလာမြို့နယ် မွေကျေးရွာတွင် သမက်က ယောက္ခမအား တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွား
Published 2 March 2018

မိတ္ထီလာမြို့နယ် မွေကျေးရွာတွင် သမက်မှ ယောက္ခမဖြစ်သူအား ဝါးဆစ်တုတ်ဖြင့်ရိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်က မိတ္ထီလာမြို့နယ် မွေကျေးရွာနေ ဦးအောင်မြင့် အသက် ၅၉ နှစ်သည် နေအိမ်တွင်ရှိနေစဉ် ဇနီးဒေါ်ညွန့်ရီ အသက် ၆၀ မှာ ကျေးရွာအရှေ့မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ လယ်တောတွင် နေထိုင်သူ သမီးဖြစ်သူနေအိမ်သို့ ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် သမီးဖြစ်သူမှ မိခင်ဖြစ်သူ ဒေါ်ညွန့်ရီမှာ သမက်ဖြစ်သူ ရဲထွန်းသန့် အသက် ၃၄ နှစ်နှင့် ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကာ ရဲထွန်းသန့်က ဒေါ်ညွန့်ရီအား ဝါးဆစ်တုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း အကြောင်းကြားသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့ရာ ဇနီးဒေါ်ညွန့်ရီမှာ ဒဏ်ရာများ ရရှိနေသည်ကို တွေ့ရှိရပြီး မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေစဉ် ည ၁၁ နာရီကျော်တွင် သေဆုံးသွားခဲ့သဖြင့် ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့သူ ရဲထွန်းသန့်အား အရေးယူပေးပါရန် ဦးအောင်မြင့်က တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“အခင်းဖြစ်စဉ် ကြားကြားချင်း ကျွန်တော်တို့ မွေကျေးရွာကို ချက်ချင်းလိုက်သွားတယ်။ သမက်က ယောက္ခမကို တုတ်နဲ့ရိုက်လိုက်တယ်လို့ သိရတယ်။ အရိုက်ခံရတဲ့ အမျိုးသမီးကြီးကတော့ ဆေးရုံတက်နေရင်းနဲ့ ဆုံးသွားတယ်။ ရိုက်တဲ့လူကိုလည်း ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတယ်။ သက်သေခံ တုတ်လည်း သိမ်းဆည်းထားတယ်” ဟု မိတ္ထီလာမြို့မရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်ထွန်းက ပြောကြားသည်။ အဆိုပါအမှုအား မိတ္ထီလာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ထင်က အမှုစစ်ကာ (ပ) ၁၁၆/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent