ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအမှု အာမခံလျှောက်ထားခြင်း ပယ်ချခံရ

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအမှု အာမခံလျှောက်ထားခြင်း ပယ်ချခံရ
Published 2 February 2018

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကျော်စိုးဦးအား မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁ ရက် ရုံးထုတ်တွင် တွေ့ရစဉ်

ရိုက်တာသတင်းဌာနမှ ဖမ်းဆီခံမြန်မာ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုမိုးအောင်တို့ကို ဖေဖော်ဝါရီ ၁ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအား မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆို ချုပ်နှောင်ထားမှုအား အာမခံလျှောက်ထားခြင်းကို ပယ်ချခံခဲ့ရကြောင်း သိရသည်။

အမှုအား စစ်ဆေးရာတွင် မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည်ဆိုသော ရဲမှူးမင်းသန့်အား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ဒီနေ့ သက်သေရဲမှူး မင်းသန့်ကို စစ်တယ်။ သူကရှာဖွေတဲ့နေရာမှာ ပါတယ်ပေါ့။ စွပ်စွဲခံရသူတွေပြောတာတော့ ဒီရဲမှူးကို မမြင်ဖူးဘူး။ ရှာဖွေဖမ်းဆီးတဲ့နေရာမှာ မပါဘူး။ ဒီနေ့သက်သေကတော့ သူကိုယ်တိုင်ဦးဆောင်ပြီး ဖမ်းဆီးခဲ့ပါတယ်လို့ ပြောတယ်။ သက်သေရဲ့ ထွက်ဆိုချက်တွေအရ ဒီအမှုက သူတို့ မဖမ်းခင်ကတည်းက အများပြည်သူ စိတ်ဝင်စားမယ့် အမှုဆိုတာသိတယ်။ အမှတ် (၃) နဲ့ နီလာလမ်းဆုံမှာ တာဝန်ချထားတယ်ဆိုတာကို အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘူး” ဟု ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ရဲမှူးမင်းသန့်သည် ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့စဉ်က မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးတာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုအခါတွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ကာ မြို့နယ် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

သတင်းထောက်နှစ်ဦးအတွက် အာမခံ လျှောက်ထားမှု ပယ်ချခံရခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးသန်းဇော်အောင်က ပြောကြားရာတွင် “အာမခံပယ်ချတဲ့အပေါ်မှာ သူတို့က လျှို့ဝှက်ဥပဒေပုဒ်မ ၁၂ မှာ အာမခံပေးလို့ မရဘူးဆိုတာ ဖော်ပြထားတဲ့အတိုင်းပဲ။ အဲဒီ အကြောင်းပြချက်နဲ့ အာမခံကို မပေးလိုက်ဘူး။ ဒါကို ကျွန်တော်တို့တိုင်ပင်ပြီးတော့ ဘာဆက်လုပ်သွားမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် (ပ) ၁၂၉၈/၂၀၁၇ ၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေများအရ လည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုရုံးချိန်းသည် မြောက်ပိုင်းခရိုင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံတရားရုံးတွင် တစ်ကြိမ်ရုံးထုတ်ခဲ့ကြောင်း သိရပြီး လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ ၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent