အင်းဝရှေးဟောင်း သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်နေပြီး အင်းဝခေတ် ပစ္စည်းအမျိုးအစား ၁၀၀ ကို ထပ်မံတိုးချဲ့ပြသမည်

အင်းဝရှေးဟောင်း သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်နေပြီး အင်းဝခေတ် ပစ္စည်းအမျိုးအစား ၁၀၀ ကို ထပ်မံတိုးချဲ့ပြသမည်
Published 12 January 2018

အင်းဝမြို့ဟောင်းရှိ အင်းဝရှေးဟောင်း သုတေသနပြတိုက် တစ်နေရာကို တွေ့ရစဉ်

တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ အင်းဝရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြတိုက်အား ပြကွက်နှစ်ကွက် ထပ်မံတိုးချဲ့မည့်အပြင် အင်းဝနန်းမြို့ပုံစံငယ် အပါအဝင် အင်းဝခေတ်အထင်ကရနေရာ ဓာတ်ပုံများ၊ ပစ္စည်းများဖြည့်တင်း၍ စုစုပေါင်း အမျိုးအစားပေါင်း ၁၀၀ တိုးချဲ့ခင်းကျင်း ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြတိုက် အဆင့်မြှင်တင် ဆောင်ရွက်ရာတွင် ပြတိုက်အတွင်းရှိ အင်းဝခေတ် ရုပ်ပွားတော်များ၏ အောက်ခံပလ္လင်နှင့် ရုပ်ပွားတော် အောက်ခံခုံများအား ဆေးသုတ်ခြင်း၊ ကတ္တီပါစ အသစ်ခင်းခြင်း၊ အောက်ခံခုံများအားညှိ၍ ရုပ်ပွားတော်များ တညီတည်း ဖြစ်စေရန် ပြင်ဆင်ထားရှိခြင်း စသော လုပ်ငန်းများကို အဓိကထား ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း အင်းဝရှေးဟောင်း သုတေသနပြတိုက်၏ တာဝန်ရှိသူထံက သိရသည်။

“အင်း၀ သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစတင်ဆောင်ရွက်နေပြီး လက်ရှိပြီးစီးမှုမှာ အောက်ခံခုံတွေ တော်တော်များများ ပြီးနေပြီးနောက် လိုအပ်တဲ့ကျန်တဲ့ အတွင်းထဲမှာရှိတဲ့ ဘုရားမှာဖြည့်မယ့် ဘုရားတံကဲနဲ့ မုခ်ဦးတို့လုပ်တာလေးတွေ ပြန်ဖြည့်သွားမယ်။ ဒီအဆင့်မြှင့်တင်လုပ်ငန်းထဲမှာဆိုရင် အရင်က ပြသထားတဲ့ ၂၆၅ မျိုးဖြစ်တယ်။ နောက်ထပ်အမျိုး ၁၀၀ ထပ် ဖြည့်ပြသွားမှာဖြစ်တဲ့အတွက် အားလုံး ၃၆၅ မျိုးဖြစ်သွားတယ်။ နောက်ထပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအနေနဲ့ ပြသဆောင်လေးဆောင်ခွဲပြီး ပြသသွားမှာဖြစ်တယ်။ ရှိပြီးသားလက်မှု ပစ္စည်းတွေရယ်၊ နောက်ထပ် ပန်းချီပြခန်းတွေရယ် ဓာတ်ပုံပြခန်းတွေရော ထည့်သွင်း ပြသသွားမှာပါ။ ညောင်ရမ်း အင်းဝခေတ် ပစ္စည်းတွေပဲ ပြသသွားမယ်။ အဆင့်မြှင့်တင်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို အင်းဝခေတ်ဆိုတဲ့ အနေအထား ပိုမိုသိရှိစေရန် ပြသခြင်းဖြစ်တယ်” ဟု ရှေးဟောင်းပြတိုက်နှင့် သုတေသနဦးစီးဌာန အင်းဝပင်းယဌာနစု တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

အင်းဝရှေးဟောင်းသုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုနောက်ပိုင်း၌ ၂၀၁၈ ခုနှစ်အတွင်းတွင် နောက်ထပ် ရန်ပုံငွေ ထပ်မံတောင်းခံပြီး ပြတိုက်၏ လိုအပ်နေသည့် အဆောက်အအုံ အမိုးအကာများ မလုံမှုများကို ပြုပြင်ပြီးစီးအောင် ယခုနှစ်အတွင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်းဝပြတိုက်ကို တနင်္လာနေ့နှင့် နေ့ကြီးရက်ကြီးများမှအပ နေ့စဉ်ဖွင့်လှစ်ပြသထားကြောင်း သိရသည်။

Most Read

Most Recent