အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်နှင့် ကောလိပ်များကို လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ပြောင်းလဲဖွင့်လှစ်နိုင်ရေး တက္ကသိုလ်အချို့အား အဆိုပြုလွှာများခေါ်ယူထားကြောင်းသိရ

အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်နှင့် ကောလိပ်များကို လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ပြောင်းလဲဖွင့်လှစ်နိုင်ရေး တက္ကသိုလ်အချို့အား အဆိုပြုလွှာများခေါ်ယူထားကြောင်းသိရ
Published 5 January 2018

အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ် နှင့် ကောလိပ်များကို လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေး Autonomous University အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အဆိုပြုလွှာများ ခေါ်ယူထားကြောင်း သိရသည်။       လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ဖြင့်ရပ်တည်ရေး Autonomous University အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ မန္တလေးတက္ကသိုလ်၊ မန္တလေး   နည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး) နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်တို့ မည်ကဲ့သို့ ပူးပေါင်း၍ ဆောင်ရွက်ကြမည့် အစီအစဉ်များကို အဆိုပြုလွှာများ ပေးပို့ရန် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

“မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ ဘယ်လိုပူးပေါင်းပြီး University Entrance ဆောင်ရွက်မယ့်ပုံစံတွေကို တက္ကသိုလ်အချင်းချင်း ညှိနှိုင်းပြီး မန္တလေးတက္ကသိုလ်ကနေ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနကို အဆိုပြုလွှာပေးပို့ဖို့ ညွှန်ကြားထားပါတယ်။ အရင်ဆုံး မန္တလေးမြို့ပေါ်က ကျောင်းငါးကျောင်းကို  အဆိုပြုလွှာတင်ခိုင်းထားတုန်းပါပဲ။ ကျောင်းတွေဘက်က စိစစ်ပြီး လုပ်ထား တာတွေ မရသေးပါဘူး။ကျောင်းတွေဘက်ကနေ စိစစ်ပြီး ပါမောက္ခတွေ၊ ကျောင်းသားတွေ၊  ဆရာတွေ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ၊ အကြံပြုချက်တွေကို တောင်းထားပါတယ်။ အခုထိတော့ မရသေးပါဘူး။ သူတို့ဆီက အကြံပြုချက်တွေ၊ အဆို ပြုချက်တွေပေါ် မူတည်ပြီး ဘာတွေလုပ်ဖို့ လိုတယ်ဆိုတာတွေကို ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးနိုင်မယ့် အခြေအနေတွေနဲ့ ကြည့်ရမှာပါ။ အခုမှ အဆိုပြုချက် စတုန်းပဲရှိပါသေးတယ်။ တက္ကသိုလ်တွေမှာက သင်ကြားတဲ့ ဘာသာရပ်တွေများတယ်။တူတာတွေလည်းရှိတယ်။ ဥပမာဆရာ၊ ဆရာမအင်အား မလောက်ဘူးဆိုရင် တက္ကသိုလ် တစ်ကျောင်းနဲ့တစ်ကျောင်း အပြန်အလှန် ဖလှယ်သင်ကြတာမျိုးတွေ သုတေသနတွေ ပူးပေါင်းလုပ်ဖို့တွေကို ဆွေးနွေးဆောင်ရွက် ကြဖို့ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးလိုက်တာနဲ့ သူတို့ဆီမှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိသွားမလဲစတာတွေပေါ့။ Academic Freedom တွေ၊ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်တွေ ရှိသွားကြမယ်။ အဲဒီအောက်မှာ Freedom of Training လို့ဆိုတဲ့ သင်ကြားရေးဆိုင်ရာလွတ်လပ်ခွင့်တွေ ရှိလာမယ်။ ဘယ်လိုသင်တန်းမျိုးကို ဘယ်လို ကျောင်းသားမျိုးတွေကို လက်ခံမယ် စသဖြင့်ပေါ့။ ရွေးချယ်ခွင့်တွေရှိလာမယ်။ ကျောင်း သားနဲ့ပတ်သက်လိ့ု Rule တွေ ရေးဆွဲရမယ်။ဥပဒေနဲ့ပတ်သက်လို့ အမျိုးသားဥပဒေရှိတယ်။ ပြီးတော့ အဆင့်မြင့်ပညာရေးဥပဒေ ထွက်လာဦးမယ်။ အဲဒါတွေပြီးရင် တက္ကသိုလ်တွေ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရပ်တည်ပါဆိုရင် ဘာတွေ ရှိလာနိုင်ဦးမလဲဆိုတော့ Regional University တွေမှာဆိုရင် ချာတာလို့ခေါ်တဲ့ ပဋိညာဉ်တွေရှိတယ်။ တက္ကသိုလ်ဆိုင်ရာ ဥပဒေတွေကို သေသေချာချာ ပြဋ္ဌာန်း ပေးဖို့ လိုလိမ့်ပါဦးမယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေလိုမျိုး လုပ်ဆောင်ဖို့က ဒါတွေနဲ့တင် မပြီးသေးပါဘူး။ နည်းဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေ တွေထုတ်ဖို့ လိုဦးမယ်။ အဲဒါအပြင် တက္ကသိုလ်တွေ အသီးသီးအလိုက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ရှိရဦးမယ်။စည်းမျဉ်းစည်းကမ်းတွေ၊ ချာတာတွေကို သေသေချာချာ ရေးဆွဲကြရဦးမှာပါ”ဟု လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ဖြင့်ရပ်တည်ရေး Autonomous University အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးအသိုင်းအဝိုင်းမှ လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent