အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသောချည်များ ဈေးကြီးမှုကြောင့် ကလေးမြို့နယ်အတွင်းရှိ ရက်ကန်းစင်အချို့ ရပ်နား

အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသောချည်များ ဈေးကြီးမှုကြောင့် ကလေးမြို့နယ်အတွင်းရှိ ရက်ကန်းစင်အချို့ ရပ်နား
Published 5 January 2018

အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသော ကုန်ကြမ်းချည်များ ဈေးမြင့်တက်လာမှုကြောင့် ကလေးမြို့နယ်အတွင်းရှိ ရက်ကန်းစင်အချို့ ရပ်နားထားကြရသည်ဟု ရက်ကန်းလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

“ချည်နဲ့ ရက်ကန်းတွေကတော့ အခြေအနေ မကောင်းဘူး။ ကုန်ဈေးနှုန်းတွေက မြင့်နေတာ။ ကုန်ကြမ်းက ဈေးကြီးနေတာ။ ချည်ဈေးက တက်နေတာလေ။ တမူးလမ်းဘက်က အတားအဆီးတွေရှိတော့ အဲဒီအတွက်များ ဈေးမြင့်သလားမသိဘူး။ အရင်က ချည်တစ်ထုတ် (သုံးကီလိုခန့်) ကို ၂၅၀၀၀ ကျပ်၊ ၂၆၀၀၀ ကျပ်လောက်ကနေ အခုဆို ၃၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သွားတယ်။ ဈေးကြီးသွားတော့ ကုန်ချောဈေးက မတက်ဘူးလေ။ (ဥပမာ နှစ်သောင်းဆိုနှစ်သောင်းပဲ။) အခုကုန်ကြမ်းဈေးတက်တော့ ဒီဈေးအတိုင်း မှေးလုပ်နေရတာပေါ။ ရပ်နားထားတဲ့ ယက်ကန်းတွေက တော်တော်များတယ်။ ကျွန်တော့်ဆီမှာတောင် ၄၊ ၅ ယောက်လောက်ပဲ ခတ်တော့တာ။ တချို့ဆို နေ့စား အလုပ်တွေပဲ လိုက်လုပ်နေတော့တာ။ (ဥပမာ ပေါ်ပင်ဆောက်လုပ်ရေးတို့ တခြားလုပ်ငန်းတို့ လိုက်လုပ်တာပေါ့) ချည်ဈေးတက်တော့ ရက်ကန်းထောင်တွေ အဆင်မပြေဘူး။ တစ်ပိုင်တစ်နိုင် လုပ်ကြတဲ့သူတွေကလည်း ရပ်နားထားလိုက်တော့တာ။ ဒီလိုဖြစ်တာ တစ်လကျော်လောက် ဖြစ်နေပြီ။ အခု ရက်ပိုင်းဆို ပိုဆိုးလာတယ်” ဟု ရက်ကန်းလုပ်ငန်းရှင် ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

ကလေးမြို့နယ်အတွင်းတွင် တစ်ပိုင်တစ်နိုင် ယက်ကန်းစင်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ချင်းတိုင်းရင်းသားရိုးရာ အဝတ်အထည်မျာကို အဓိကထား၍ ယက်လုပ်ကာ အိန္ဒိယနိုင်ငံမှလာသော ချည်ထုပ်များနှင့် ယက်လုပ်ကြရသည်ဟု သိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ကုန်ကြမ်းကို လှောင်မထားနိုင်ဘူး။ ရင်းနှီးမြုပ်နှံမှု လုပ်မထားနိုင်တာ။ ထွက်လာတဲ့ ကုန်ချောကိုလည်း မလှောင်နိုင်ဘူး။ ကုန်ချောလှောင်နိုင်တယ် ဆိုရင်လည်း ဈေးကွက်ထိုးဖောက်ဖို့ နေရာဒေသ အခက်အခဲတွေရှိတာပေါ့။ ကျွန်တော်တို့က အထည်ဆိုင်တွေကို တစ်ဆင့်သွင်းရတာ။ ချည်လိုရင်လည်း ကုန်ကြမ်းပေါ့။ အဲဒါလည်း အထည်ကုန်သည်တွေဆီက ယူပြီးတော့ ကုန်ချောအထည်တွေကိုလည်း အထည်ကုန်သည်တွေဆီ သွင်းရတယ်။ အထည်ကုန်သည်ကြီးတွေက ချည်အနေနဲ့လည်း အမြတ်ယူတယ်။ ကုန်ချောအထည် ကျတော့လည်း ဈေးနှိမ်တာတွေရှိတော့ ရက်ကန်းထောင်ထားတဲ့သူတွေက ပိုနာတာပေါ့လေ။ ကျွန်တော်တို့အနေနဲ့က တကယ်ရက်ကန်းလုပ်နေတဲ့သူတွေကို အသင်းအဖွဲ့ လုပ်ထားပေမယ့် အစိုးရအနေနဲ့ အတိုးနှုန်းသက်သာစွာနဲ့ ထောက်ပံ့ကူညီ ချေးပေးမယ်ဆိုရင်တော့ အဆင်ပြေမလားပဲ။ ကလေးနယ်က ရက်ကန်းက ထွက်တဲ့အထည်တွေက အခုဆိုရင် ကျွန်တော်တို့ကသာ တိုက်ရိုက်မပို့တာ၊ ကုန်သည်တွေကတစ်ဆင့် နိုင်ငံခြား အဆင့်ဆင့် ပို့နေကြတာတွေ ရှိနေပါတယ်” ဟု ကလေးမြို့မှ ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent