မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ် တွေ့ရသော စာဝါကျားငှက်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် သတ်မှတ်

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ် တွေ့ရသော စာဝါကျားငှက်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် သတ်မှတ်
Published 5 January 2018

မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခံရသည့် စာဝါကျားငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ-WCS Myanmar)

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ် တွေ့ရသော စာဝါကျားငှက်ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်လိုက်ကြောင်း WCS Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ် တွေ့ရှိရသော စာဝါကျားငှက် (Yellow-breasted Bunting) မျိုးစိတ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ရှားပါးမျိုးသုဉ်းလာမှု နောက်တစ်ဆင့်အဖြစ် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော (Critically Endangered) မျိုးစိတ်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ Yellow-breasted Bunting မျိုးစိတ်ကို ၂၀၁၃ ခုနှစ်မှစ၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် Endangered အဖြစ် သတ်မှတ်ခဲ့ပြီး ငါးနှစ်ခန့်အကြာတွင် မျိုးသုဉ်းရှားပါးလာသည့် အန္တရာယ်အဆင့်တစ်ဆင့် တက်လာခြင်းဖြစ်ကြောင်း၊ ယင်းငှက်မျိုးစိတ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂၀၀၄ ခုနှစ်တွင် အကောင်ရေ နှစ်သိန်းခန့် တွေ့ရှိနိုင်သော်လည်း ၂၀၁၇ ခုနှစ်တွင် ၁၂၀ မှ ၆၀၀ ကြားသာ တွေ့နိုင်တော့ကြောင်း The IUCN Red List တွင်လည်း ထုတ်ပြန်ထားသည်။

“နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အကောင်ရေ အဲဒီလောက် ကျဆင်းသွားရတာက သူတို့ မျိုးပွားတဲ့နေရာမှာ လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရတာက အဓိကဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့ရဲ့ နေရင်းဒေသတွေ ပျောက်ဆုံးကုန်တယ်။ ဆောင်းခိုတဲ့ နေရင်းဒေသတွေကို ရောက်ပြန်ရင်လည်း လူတွေက ဖမ်းဆီးသတ်ဖြတ်ပြီး စားကြတယ်။ အဲဒီလိုစားတဲ့နှုန်းက အရမ်းများတဲ့အခါကျတော့ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ လုံးဝကို ကျဆင်းသွားတာ ဖြစ်ပါတယ်” ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောကြားသည်။

စာဝါကျားငှက် (Yellow-breasted Bunting) မျိုးစိတ်ကို ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၆၁ ကောင်၊ ပုဂံတွင် ၁၀ ကောင်ကျော် မှတ်တမ်းတင်နိုင်ပြီး အင်းလေး၊ အင်းတော်ကြီး၊ ကလောနှင့် အခြားဒေသအချို့တွင်လည်း တွေ့ရှိနိုင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၏ မှတ်တမ်းများအရ သိရသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) သည် ရှားပါးသားငှက်တိရစ္ဆာန်များကို ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စာဝါကျားငှက် (Yellow-breasted Bunting) မျိုး စိတ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ ဒေသခံများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်ရေ လျင်မြန်စွာ ကျဆင်းလာသော အဆိုပါငှက်မျိုးစိတ်ကို မြန်မာနိုင်ငံတွင်လည်း မျိုးမသုဉ်းစေရန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

Most Read

Most Recent