၂၀၁၇ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး လေးနှစ်ဆက်တိုက် ဓာတ်အားထုတ်လုပ်မှု မြင့်တက်

၂၀၁၇ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး လေးနှစ်ဆက်တိုက် ဓာတ်အားထုတ်လုပ်မှု မြင့်တက်
Published 5 January 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး လေးနှစ်ဆက်တိုက် ဓာတ်အားထုတ်လုပ်မှု မြင့်တက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ လျှပ်စစ်ခရီး၊ လေးနှစ်တာ-ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ် တစ်နှစ်တာမှာ Thermal Generation တိုးတက်ထုတ်လုပ်မှု ပမာဏက ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း ဆက်လက် တိုးတက်ဆဲဖြစ်ပါတယ်။ ဒီလိုတိုးတက် ထုတ်လုပ်နိုင်တာက ဓာတ်အားပေးစက်ရုံအသစ်များ ပြီးစီးလာလို့ မဟုတ်ပါဘူး။ လက်ရှိ ရှိနေတဲ့ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်အောင် စီမံခန့်ခွဲဆောင်ရွက်နိုင်ခဲ့သော ရလဒ်များ ဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ၎င်း၏ အစီရင်ခံစာတွင် ပြောကြားထားသည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့သုံးနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ပေးခဲ့သည့် ပမာဏကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်တွင် ၄၈၇၂၈၀၈၊ ၂၀၁၅ ခုနှစ်တွင် ၆၂၁၅၄၇၂၊ ၂၀၁၆ ခုနှစ်တွင် ၇၅၄၅၇၉၄၊ ၂၀၁၇ ခုနှစ်တွင် ၈၅၁၆၉၄၇ ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းတွင်မူ ဇန်နဝါရီတွင် ၇၇၃၂၆၀၊ ဖေဖော်ဝါရီတွင် ၆၆၇၃၀၆၊ မတ်တွင် ၇၆၇၂၀၁၊ ဧပြီတွင် ၇၃၇၀၂၁၊ မေတွင် ၇၈၇၈၈၁၊ ဇွန်တွင် ၇၆၉၇၇၂၊ ဇူလိုင်တွင် ၆၅၄၆၁၇၊ သြဂုတ်တွင် ၆၅၃၇၁၈၊ စက်တင်ဘာတွင် ၆၂၆၃၀၄၊ အောက်တိုဘာတွင် ၆၂၈၄၈၀၊ နိုဝင်ဘာတွင် ၆၆၇၇၈၂ နှင့် ဒီဇင်ဘာတွင် ၇၈၃၆၀၅ ဖြစ်ပြီး မေတွင် အများဆုံး ထုတ်လုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် တစ်နှစ်တာတွင် Thermal Generation တိုးတက်ထုတ်လုပ်မှု ပမာဏမှာ ယခင်နှစ်ထက် ၂၈ ရာခိုင်နှုန်းပိုကာ အထူးများပြားလာကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ် တစ်နှစ်တာတွင်မူ Thermal Generation တိုးတက် ထုတ်လုပ်မှုပမာဏမှာ ယခင်နှစ်ထက် ၂၁ ရာခိုင်နှုန်းပို၍ အထူးများပြားခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လေးနှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ဆက်တိုက်မြင့်တက်လာပြီး ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာလည်း မြင့်တက်လျက်ရှိနေသည်။

လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှု ကိန်းဂဏန်းများက ကောင်းမွန်သည့် လက္ခဏာဖြစ်သော်လည်း အဆိုပါ အချက်အလက်များ၏ နောက်ကွယ်တွင် လျှပ်စစ်ထုတ်လုပ်မှုစရိတ်စက များစွာမြင့်တက်လာပြီဆိုသည်ကို ပြဆိုနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှုသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း မဂ္ဂါဝပ် ၃၁၉၀ ဝန်းကျင်အထိရှိလာပြီး နှစ်စဉ်မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ တိုးတက်သုံးစွဲနေခြင်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံသစ်များ ဆက်လက်တည်ဆောက်နိုင်ရန် စိန်ခေါ်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားတို့ဖြင့် အဓိကဆောင်ရွက်နေပြီး ရေအားလျှပ်စစ်ဖြင့် ဓာတ်အား ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် လေးရာခိုင်နှုန်း၊ ၂၀၁၆ တွင် ခြောက်ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ယခင်နှုန်းထားများထက် ပိုမိုတိုးတက်ခဲ့သည်။

Most Read

Most Recent