မြေသြဇာမှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီရှစ်ခုမှ ထုတ်လုပ်သော မြေသြဇာခုနစ်မျိုးနှင့် နိုင်ငံခြားမှ တင်သွင်းသည့် မြေသြဇာတစ်မျိုးအား မှတ်ပုံတင်ခြင်းမှ ဖျက်သိမ်း

မြေသြဇာမှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီရှစ်ခုမှ ထုတ်လုပ်သော မြေသြဇာခုနစ်မျိုးနှင့် နိုင်ငံခြားမှ တင်သွင်းသည့် မြေသြဇာတစ်မျိုးအား မှတ်ပုံတင်ခြင်းမှ ဖျက်သိမ်း
Published 5 January 2018

မြေသြဇာမှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီရှစ်ခုမှ ထုတ်လုပ်သည့် မြေသြဇာခုနစ်မျိုးနှင့် နိုင်ငံခြားမှတင်သွင်းသည့် မြေသြဇာတစ်မျိုးတို့အား မှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အရည်အသွေးပြည့်ဝသော မြေသြဇာများကို တောင်သူများသုံးစွဲနိုင်စေရန် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြေသြဇာဆိုင်ရာ နည်းပညာကော်မတီနှင့် မြေသြဇာ ကော်မတီတွင် သုံးလတစ်ကြိမ် အစည်းအဝေးများ ကျင်းပ၍ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး မြေသြဇာကော်မတီမှ ယနေ့အထိ အရည်အသွေးပြည့်မီသော မှတ်ပုံတင်လက်မှတ် ၃၂၈၁ စောင်ကို စိစစ်ခွင့်ပြုပေးပြီးဖြစ်ကြောင်း (၂၂) ကြိမ်မြောက် မြေသြဇာကော်မတီ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများ၏ အချို့မြို့နယ်များတွင် ရွှေနဂါး Top One မြေသြဇာသုံးစွဲ၍ စပါးခင်းအချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းအပေါ် စိစစ် တွေ့ရှိချက်အရ မြေသြဇာဥပဒေပုဒ်မ ၉ (က) (ခ) (ဂ) တို့ကို ဖောက်ဖျက်သဖြင့် တောင်သူများ ထိခိုက်နစ်နာမှုမရှိစေရေးနှင့် သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီပြည့်မီခြင်းမရှိသော မြေသြဇာများဖြစ်သည့် ရွှေနဂါး Top One စပါးသီးသန့် အသီးအားဆေးမြေသြဇာ (40) kg (တသ-၁၉၆၃) (N:၂၅% ဒိုင်အီသိုင်းအမိုင်နိုအီသိုင်း အသီးအားဆေးဟော် မုန်း-၁%) နှင့် ရွှေနဂါး Top One စပါးသီးသန့် အသီးအားဆေး မြေသြဇာ (40) kg (ထလ- ၆၀၃) (N: ၄၅%ယဒိုင်အီသိုင်း အမိုင်နိုအီသိုင်း အသီးအားဆေးဟော်မုန်း-၁%) တို့အား မြေသြဇာဥပဒေပုဒ်မ (၂၄) (ဂ) စီမံခန့်ခွဲ ရေးနည်းလမ်းအရ ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တားမြစ်ရန်နှင့် သီးနှံပင်များ ထိခိုက်ပျက်စီးမှုရှိသည့်ဒေသများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီနှင့် ထိခိုက်ပျက်စီးသော တောင်သူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေသြဇာမှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရန် ရက်ပေါင်း ၉၀ ထက်ကျော်လွန်သည့်တိုင် ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီရှစ်ခုမှ ထုတ်လုပ်မြေသြဇာခုနစ်မျိုးနှင့် တင်သွင်းမြေသြဇာတစ်မျိုး စုစုပေါင်း ရှစ်မျိုးတို့ကို မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent