အခါမဲ့မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာခြင်းဆက်လမ်းများ ပျက်စီးကာ ဒေသခံများ သွားလာရေး အခက်ကြုံတွေ့နေရ

အခါမဲ့မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာခြင်းဆက်လမ်းများ ပျက်စီးကာ ဒေသခံများ သွားလာရေး အခက်ကြုံတွေ့နေရ
Published 4 January 2018

စစ်ကိုင်းမြို့နယ်အတွင်းရှိ တင်းတိပ်-စာရေး-ပဒူကျေးရွာချင်းဆက်လမ်းအား တွေ့ရစဉ်

အခါမဲ့ မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာခြင်းဆက်လမ်းများ ပျက်စီးမှုဖြစ်ပေါ်ကာ သွားလာရေး အခက်အခဲ ကြုံတွေ့နေကြောင်း ဇန်နဝါရီ ၄ တွင် ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ တင်းတိပ်-စားရေး-ပဒူကျေးရွာခြင်းဆက်လမ်း၊ ဆားတောင်မြို့ လင်းတလူး-တောင်ကြား-အင်းစ ကျေးရွာခြင်းဆက်လမ်းများ အခါမဲ့မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"မိုးသုံးရက်ရွာလိုက်တော့ ကျနော်တို့ ကျေးရွာခြင်းဆက်လမ်းပိုင်း ၄ မိုင်အထိ ရွံ့နွံလမ်းဖြစ်နေတာ။ တစ်မိုင်လောက်ပဲ သွားလာရတယ်။ ဒီလမ်းကို အရင်ဦးသိန်းစိန်အစိုးရလက်ထက်က ကျောက်ကြမ်းလမ်းအဖြစ် လုပ်သွားခဲ့တာ။ ခုတော့ သွားလာလို့မရအောင် ပျက်စီးနေပါတယ်။ မိုးရွာတိုင်း လမ်းပျက်စီးမှု ဖြစ်နေပါတယ်။ မနေ့ကဆို ရွာထဲက ထွန်စက်တွေနဲ့ ကားတွေကို ဆွဲနေရတယ်။ ဒီလမ်းကိုပဲ အားပြုနေရလို့ ကတ္တရာလမ်း မခင်းပေးနိုင်တောင် ပြန်လည်ပြုပြင်ပေးစေချင်စေတယ်။ ဒီလမ်းကိုအားပြုပြီး စစ်ကိုင်း၊ ရွှေဘို၊ မန္တလေးမြို့တွေသွားပြီး လယ်ယာထွက်ကုန်တွေ ရောင်းချနေရတာ'' ဟု တောင်ကြားရွာမှ ကိုအောင်နိုင်ဦးက ပြောကြားသည်။

စစ်ကိုင်း-ရွှေဘို ကားလမ်းဘေးရှိ လင်းတလူးရွာမှ စတင်ဖောက်လုပ်ထားသော အဆိုပါလမ်းသည် ဆားတောင်မြို့၊ လင်းတလူး-တောင်ကြား-အင်းစ-မူးသာ-မကျည်းကုန်းစသည့် ကျေးရွာများကို ဆက်သွယ်ထားသည့် ဒေသခံတောင်သူများ၏ ကုန်ထုတ်လမ်းတစ်လမ်းဖြစ်ကြောင်း သိရပြီး တောင်ကြားရွာမှ လိုက်ထရပ်၊ ဒိုင်နာယာဉ်များဖြင့် လိုင်းပြေးဆွဲနေကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်း-ရွှေဘိုခရိုင်ခြင်းဆက်လမ်းဘေးရှိ တင်းတိပ်ရွာမှ စတင်ဖောက်လုပ်ထားသော တင်းတိပ်-ပဒူ-စာရေးလမ်းပိုင်းတွင်လည်း မိုးရွာသွန်းမှုဖြစ်ပေါ်တိုင်း လမ်းပျက်စီးမှုဖြစ်ပေါ်ကာ ဒေသခံများ သွားလာမှု အခက်အခဲ ဖြစ်ပေါ်နေကြောင်းသိရပြီး အဆိုပါလမ်းအား ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဦးစီးဌာနမှ ကုမ္ပဏီတစ်ခုအား တင်ဒါပေးကာ ပြန်လည်ပြင်ဆင် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မိုးရွာတိုင်းလမ်းက ပျက်နေတယ်။ ခုထိလာမပြင်သေးပါဘူး။ စာရေးလမ်းအဝင်မှာဆိုလည်း ကားတွေနဲ့ အမှိုက်တွေ လာပစ်ကြတယ်။ ကား၊ ဆိုင်ကယ်တွေ ခက်ခက်ခဲခဲ မောင်းနှင်နေရတယ်။ ဒီနှစ်ထဲတော့ပြင်မယ် ကြားပါတယ်'' ဟု စာရေးရွာမှ ကိုဇော်လွင်က ပြောကြားသည်။

Most Read

Most Recent