၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း တက်ရောက်ခွင့်ရရှိသူများစာရင်း မတ်လအတွင်း ထုတ်ပြန်မည်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း တက်ရောက်ခွင့်ရရှိသူများစာရင်း မတ်လအတွင်း ထုတ်ပြန်မည်
Published 4 January 2018

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း တက်ရောက်ခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာပညာရေးကောလိပ်အသီးသီးတွင် ၂၀၁၈ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)၊ အမှတ်စဉ် (၅/၁၈)သင်တန်းကို ပညာရေးကောလိပ်များတွင် ၂၀၁၈ ခုနှစ် ဧပြီ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်လွှာများကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နောက်ဆုံးထား၍ မိမိနေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးကောလိပ်တွင်လည်းကောင်း လျှောက်ထားနိုင်သည်။

အဆိုပါသင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း) ရရှိပြီးသူ၊ ပြင်ပဘွဲ့ရများအတွက် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် အသက် ၃၀ နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မတ် ၃၁ ရက်တွင် အသက် ၃၅ နှစ်ထက်မကြီးသူ၊ ကျန်းမာရေးကောင်းမွန်၍ ဆရာတာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေးကောလိပ်တွင်မဆို တက်ရောက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူ စသည်တို့အားလျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုသည့်ရက်အား သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ကြေညာမည်ဖြစ်ကြောင်းသိရသည်။

“လျှောက်လွှာတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေကို တိုက်ရိုက်မလျှောက်ထားရပါဘူး။ သင်တန်းဝင်ခွင့်ကိုလည်း သတ်မှတ်ပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းပြီး လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ အချက်အလက်တွေ မတိကျရင်၊ မပြည့်စုံရင် မမှန်မကန်ဖြည့်စွက်ထားတာတွေရှိရင် စဉ်းစားပေးမှာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့အချိန်အတိုင်း အချိန်မီမရောက်လာတဲ့ လျှောက်လွှာတွေကိုလည်း ထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး။ အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး တိကျပြည့်စုံဖို့လိုပါတယ်။ ဝန်ထမ်းဖြစ်မယ်ဆိုရင်လည်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲရဲ့ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent